ကမ္ဘာပေါ်ရှိ သမ္မတနိုင်ငံတွေကို အမျိုးအစားခွဲကြည့်ရင် နှစ်မျိုးရှိတာကို တွေ့ရမှာ ဖြစ်တယ်။ တစ်မျိုးက နိုင်ငံရဲ့သမ္မတကို ပြည်သူတွေရဲ့ဆန္ဒမဲ (popular vote) နဲ့ တိုက်ရိုက် ရွေးချယ်တင်မြှောက်တဲ့ သမ္မတနိုင်ငံစနစ်ဖြစ်ပြီး ကျန်တစ်မျိုးကတော့ ပြည်သူများက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များ (အမတ်များ)ပါဝင်တဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်များရဲ့ များရာဆန္ဒမဲနဲ့ သမ္မတကိုတင်မြှောက်တဲ့ သမ္မတနိုင်ငံစနစ်ဖြစ်တယ်။
ပြည်သူများရဲ့ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်တဲ့ သမ္မတက နိုင်ငံတော်ရဲ့အကြီးအကဲ (Head of the State) ဖြစ်သလို အုပ်ချုပ်ရေး အာဏာရှိတဲ့ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ အကြီးအကဲ (Head of the Government) လည်းဖြစ်တယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟာ အဲဒီလိုသမ္မတမျိုးဖြစ်တယ်။ ပြည်သူများရဲ့ကိုယ်စားလှယ်များပါဝင်တဲ့ ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်တဲ့သမ္မတကတော့ နိုင်ငံတော်ရဲ့ အကြီးအကဲ(Head of the State) ဖြစ်ပေမဲ့လို့ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ(Head of the Government) မဟုတ်တဲ့အတွက် သူ့မှာ အုပ်ချုပ်ရေးအာဏာမရှိဘူး။ ဒါကြောင့် ဒီလိုသမ္မတမျိုးကို အမည်ခံသမ္မတ (nominal head of the state) လို့ သုံးနှုန်းခေါ်ဝေါ်ကြတယ်။ ဥပမာ၊ အိန္ဒိယနိုင်ငံရဲ့သမ္မတဟာ အဲဒီလိုသမ္မတမျိုးဖြစ်တယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရချိန်ကစပြီး သမ္မတနိုင်ငံဖြစ်လာခဲ့တယ်။ ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ဗြိသိသျှစည်းမျဉ်းခံဘုရင်စနစ်(British Constitutional Monarchy) စနစ်ကို ပုံစံတူကူးထားတာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေအရ ၁၉၆၂ ခုနှစ်မတိုင်မီအထိ သမ္မတသုံးဦးရှိခဲ့တယ်။ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦးနှင့် မန်းဝင်းမောင်တို့ ဖြစ်ကြပါတယ်။ သမ္မတကြီး စဝ်ရွှေသိုက်ကတော့ ပြည်တွင်းပုန်ကုန်မှုအဆိုးဆုံးအချိန်မှာဖြစ်ရတာဆိုတော့ သူနှင့်ပတ်သက်လို့ ထူးခြားတဲ့ဖြစ်စဉ်ဖြစ်ရပ်ရှိခဲ့တာကို စာရေးသူ မကြားခဲ့ဖူးဘူး။
သမ္မတကြီး ဒေါက်တာဘဦးကတော့ အင်္ဂလန်နိုင်ငံရဲ့ ဝတ်လုံတော်ရရှေ့နေ (Barrister-at-law) တစ်ဦးဖြစ်ပြီး လွတ်လပ်တဲ့မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံတော်တရားဝန်ကြီးချုပ်နှင့် တရားလွှတ်တော်ချုပ်ရဲ့တရားဝန်ကြီးချုပ်(Chief Justice of the Union Cum Chief Justice of the Supreme Court) ဖြစ်ပါတယ်။ သူ့ကို မြန်မာနိုင်ငံတော်ရဲ့ သမ္မတအဖြစ် တင်မြှောက်မယ်ဆိုတော့ "ဆရာစံကိုကြိုးမိန့်ပေးခဲ့သူတစ်ဦးကို သမ္မတတင်မြှောက်ရကောင်းလား"ဆိုတဲ့ ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ပါတယ်။ သမ္မတကြီး ဒေါက်တာဘဦးက အင်္ဂလန်နိုင်ငံရဲ့ ဝတ်လုံတော်ရ ရှေ့နေတစ်ဦးဖြစ်တာနှင့်အညီ အင်္ဂလိပ်တို့ရဲ့ စည်းမျဉ်းခံ ဘုရင်အုပ်ချုပ်ရေးစနစ်နှင့် ကောင်းစွာရင်းနှီးကျွမ်းဝင်သူတစ်ဦလည်းဖြစ်တော့ အင်္ဂလိပ်စည်းမျဉ်းခံဘုရင်အုပ်ချုပ်ရေးစနစ်ကို ပုံတူကူးထားတဲ့ မြန်မာနိုင်ငံရဲ့ သမ္မတအုပ်ချုပ်ရေးစနစ်နှင့် အံဝင်ခွင်ကျဖြစ်သူတစ်ဦးဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ ပါလီမန်အစည်းအဝေးစတဲ့နေ့မှာ အင်္ဂလိပ်ဘုရင်/ဘုရင်မက မိန့်ခွန်းပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်တဲ့အစဉ်အလာရှိပါတယ်။ ဒီအစဉ်အလာအတိုင်းပဲ သမ္မတကြီး ဒေါက်တာဘဦးကလည်း မြန်မာနိုင်ငံပါလီမန်အစည်းအဝေးစတဲ့နေ့မှာ အဖွင့်မိန့်ခွန်းပြောတဲ့အခါ အင်္ဂလိပ် ဘုရင်/ဘုရင်မ သုံးစွဲတဲ့အတိုင်း "ကျွန်ုပ်၏အစိုးရ" (my Government) ဆိုပြီး သုံးနှုန်း ပြောဆိုလိုက်တော့ နိုင်ငံတော်တရားလွှတ်တော်ချုပ်မှာ သူရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ခဲ့ပြီး သူ့လိုပဲအင်္ဂလန်နိုင်ငံရဲ့ ဝတ်လုံတော်ရတစ်ဦးဖြစ်တဲ့၊ အဲဒီအချိန်တုန်းက အတိုက်အခံပါတီဖြစ်တဲ့ ပမညတအဖွဲ့ဝင်အမတ် ဒေါက်တာဧမောင်က နိုင်ငံတော်ရဲ့သမ္မတမိန့်ခွန်းကို ဝေဖန်ရာမှာ မြန်မာနိုင်ငံသမ္မတတစ်ဦးအနေနဲ့ "ကျွန်ုပ်၏အစိုးရ"ဆိုတဲ့ ဝေါဟာရကိုသုံးစွဲခွင့်မရှိကြောင်း အကြောင်းပြချက်နှင့်တကွ ကန့်ကွက်ခဲ့တာကို စာရေးသူမှတ်မိနေပါတယ်။ အဲဒီအချိန်က စာရေးသူဟာ တက္ကသိုလ်ကျောင်းသားဘဝမှာပင်ရှိသေးတော့ ဒေါက်တာဧမောင်ပြောတဲ့ အကြောင်းပြချက်တွေကို နားမလည်သေးလို့ မမှတ်မိတော့ပါဘူး။ (မော်ကွန်းတိုက်မှာရှိတဲ့ ပါတီမန်အစည်းအဝေးမှတ်တမ်းတွေမှာ ရှာဖွေကြည့်ရင်တော့ တွေ့နိုင်ပါလိမ့်မယ်။)
တတိယမြောက်သမ္မတဖြစ်တဲ့ မန်းဝင်းမောင်ကတော့ "ဖထီး" ပီပီ အလွန်ပွင့်လင်းတဲ့ပုဂ္ဂိုလ်ကြီးပါ။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာလည်း အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကို တော်လှန်ဖို့အတွက် မြန်မာပြည်ထဲကို လေထီးနဲ့ဆင်းခဲ့သူလို့ သမိုင်းမှာထင်ရှားခဲ့သူပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ဖဆပလအစိုးရ လက်ထက်မှာဝန်ကြီးတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ သမ္မတဒေါက်တာဘဦး သမ္မတသက်တမ်းစေ့လို့ သမ္မတသစ်တစ်ဦးအဖြစ်တာဝန်ယူဖို့ ဝန်ကြီးချုပ်ဦးနုကပြောတဲ့အခါ "ဝန်ကြီးချုပ် ကျွန်တော်က ဝီစကီလည်းသောက်တတ်တယ်။ မြင်းပွဲလည်းသွားတယ်။ ကျွန်တော်နဲ့ သမ္မတ ရာထူးနဲ့ မတန်ပါဘူး" လို့ပြောခဲ့သူအဖြစ်လည်း လူသိများခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ လုပ်ဖော်ကိုင်ဖက်များရဲ့ တိုက်တွန်း ချက်အရ သမ္မတရာထူးကို လက်ခံခဲ့ပါတယ်။ သူကတော့ နိုင်ငံရေးသမားဖြစ်တဲ့အပြင် ဟန်ဆောင်မှုမရှိ၊ ပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်လို့ အင်္ဂလိပ်စည်းမျဉ်းခံဘုရင်စနစ်ကိုပုံတူကူးထားတဲ့ မြန်မာနိုင်ငံရဲ့သမ္မတ စနစ်နဲ့တော့ အံဝင်ခွင်ကျမဖြစ်ခဲ့ပါဘူး။
သာဓကတစ်ရပ်ကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်က သူနဲ့အတူလေထီးခုန်ဆင်းခဲ့ပြီး သေဖော်သေဖက်ဖြစ်ခဲ့သူ နောင်မှာ ဗကပဗဟိုကော်မတီဝင်ဖြစ်လာခဲ့တဲ့ ဗိုလ်မ·းချစ်ကောင်းဆိုသူဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုခံရပြီး သေဒဏ်ချမှတ်ခြင်း ခံရပါတယ်။ အယူခံဝင်မှုမှာလည်း ရှုံးနိမ့်တာကြောင့် သမ္မတထံအသနားခံစာတင်ပြခဲ့ရာမှာ အဲဒီတုန်းက သမ္မတကြီးဖြစ်တဲ့ မန်းဝင်းမောင်က ထုံးတမ်းစဉ်လာနှင့်အညီတရားရေးဝန်ကြီးဌာနရဲ့ စိစစ်တင်ပြချက်ကိုဂရုမစိုက်ဘဲသေဒဏ်မှ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ပါတယ်။ အစဉ်အလာအရဆိုရင်တော့ သေဒဏ်မှ ထောင်ဒဏ်အနှစ် ၂၀ကျခံရမည့် တစ်သက်တစ်ကျွန်းဒဏ်ကို ပြောင်းပေးရမဲ့အခြေအနေ ရှိပါတယ်။
သမ္မတဖြစ်စဉ်က သူလုပ်ခဲ့ရတဲ့ အရသာအရှိဆုံးအလုပ်ကတော့ တော်လှန်ရေး ရဲဘော်၊ သေဖော်သေဖက် ဗိုလ်မှူးချစ်ကောင်းကို သေဒဏ်မှ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ခြင်းပဲဖြစ် . .
သမ္မတကြီးမန်းဝင်းမောင်က နိုင်ငံရေးလောကကလာသူဖြစ်တဲ့အပြင် ဥပဒေသမားလည်းမဟုတ်လေတော့ အင်္ဂလိပ်ပုံစံကိုကူးယူထားတဲ့ စည်းမျဉ်းခံသမ္မတစနစ်နဲ့ အံဝင်ခွင်ကျဖြစ်ပုံမရတဲ့ အခြားသာဓကတစ်ခုလည်း ရှိပါသေးတယ်။ စည်းမျဉ်းခံသမ္မတစနစ်အရ သမ္မတရဲ့အခွင့်အာဏာနဲ့ ဆောင်ရွက်ရမည့် ကိစ္စမှန်သမျှကိုသမ္မတထံတင်ပြပြီး အမိန့်ခံခြင်းမပြုတော့ဘဲ အစိုးရအဖွဲ့(Cabinet)ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆောင်ရွက်လေ့ရှိပါတယ်။ အမိန့်ကြော်ငြာစာထုတ်တဲ့အခါမှာတော့ နိုင်ငံတော်သမ္မတရာထူးအမည်နဲ့ ထုတ်ပြန်ရတဲ့စနစ်ပါ။ အဲဒီစနစ်ကို သမ္မတကြီးဦးဝင်းမောင်က သဘောကျပုံမရဘဲ ဓာတ်ပုံမှာဖော်ပြထားတဲ့ အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့သူဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတော့သူ့ခမြာကံမကောင်းရှာဘဲဖမ်းဆီး ချုပ်နှောင်ခြင်းခံခဲ့ရပါတယ်။ နောင်မှာထောင်ကလွတ်လာတော့ "သမ္မတဖြစ်စဉ်က သူလုပ်ခဲ့ရတဲ့ အရသာအရှိဆုံးအလုပ်ကတော့ တော်လှန်ရေး ရဲဘော်၊ သေဖော်သေဖက် ဗိုလ်မ·းချစ်ကောင်းကို သေဒဏ်မှ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ခြင်းပဲဖြစ်တယ်" လို့ သတင်းထောက်များအားပြောတဲ့အကြောင်း သတင်းဆောင်းပါးတစ်ပုဒ်မှာဖတ်ခဲ့ရတယ်လို့ စာရေးသူမှတ်မိနေပါတယ်။
နောက်တစ်ဦးကတော့ ၁၉၆၂ ခုနှစ်မှာ တရားဝင်အစိုးရထံမှအာဏာသိမ်းယူခဲ့ပြီး ၁၉၇၃ ခုနှစ်အထိတော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်၊ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၇၄ မှ ၁၉၇၈ အထိ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်တဲ့ ဗိုလ်နေဝင်းခေါ် ဗိုလ်ချုပ်ကြီးနေဝင်းခေါ် ဦးနေဝင်းပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌဟာ နိုင်ငံတော် အကြီးအကဲဖြစ်သလို အစိုးရအဖွဲ့ရဲ့အကြီးအကဲလည်းဖြစ်ပါတယ်။
၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ/ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌဆိုတာကလည်းထိုနည်းလည်းကောင်းပါပဲ။ ဦးနေဝင်းကို မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ အာဏာအရှိဆုံးပုဂ္ဂိုလ်လို့ပြောရင်ရမယ်ထင်ပါတယ်။ ၁၉၇၈ နောက်ပိုင်းမှာဖြစ်တဲ့သမ္မတဦးစန်းယုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့အကြီးအကဲဖြစ်သော်လည်း လက်တွေ့မှာတော့ သမ္မတဟောင်းဦးနေဝင်းရဲ့ လောင်းရိပ်အောက်က တာဝန်ယူ ဆောင်ရွက်ရတဲ့ စည်းမျဉ်းခံသမ္မတနဲ့ပုံစံတူ သမ္မတတစ်ဦးဖြစ်တယ်လို့ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၇၈ ခုနှစ်မှာသမ္မတသက်တမ်းကုန်တော့ ဦးနေဝင်းက သူ့ရဲ့အသက်အရွယ်အရ အုပ်ချုပ်ရေးတာဝန်ဖြစ်တဲ့ သမ္မတတာဝန်ကိုမယူတော့ဘဲ လမ်းစဉ်ပါတီဥက္ကဋ္ဌရာထူးကိုသာယူထားပြီးရုံးလုပ်ငန်းတာဝန်တွေကို လျှော့လိုက်ပါတယ်။
ဒါပေမဲ့ ညနေပိုင်းမှာ ပါတီနှင့် အစိုးရအဖွဲ့ဝင်လူကြီးတွေကို စုဝေးစေပြီး အဖျော်ယမကာသုံးဆောင်ရင်း၊ ညစာစားရင်း နိုင်ငံရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စတွေကို ပြောကြပါတယ်။ အဲဒီမှာ သက်ဆိုင်ရာဝန်ကြီးက ဦးနေဝင်းပြောတဲ့အထဲက သူနဲ့ဆိုင်တဲ့ကိစ္စကို ဒိုင်ယာရီစာအုပ်မှာရေးမှတ်သွားပြီး ရုံးတက်တဲ့အခါ လိုအပ်ချက်အတိုင်း ဆောင်ရွက်ပေးရပါတယ်။
အဲဒီလို အဖျော်ယမကာသုံးဆောင်ရင်း ညစာစားရင်းအလုပ်သဘောပြောဆိုကြတာကို ဝန်ကြီးတွေက"ညကျောင်း"လို့ သူတို့အချင်းချင်းကြားမှာ ပြောဆိုသုံးစွဲကြပါတယ်။ ဦးနေဝင်းက သွယ်ဝိုက်တဲ့နည်းနဲ့ အာဏာယူထားခြင်းပါပဲ။
ဦးနေဝင်းခေတ်မတိုင်မီအထိ မြန်မာနိုင်ငံ သမ္မတဟာ အမည်ခံသမ္မတ ရုပ်ပြသမ္မတဖြစ်သော်လည်း ဥပဒေဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ အစိုးရပြန်တမ်းများကို မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ခဲ့ရာမှာတော့နိုင်ငံတော်သမ္မတအမည်နှင့် ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ နိုင်ငံတော်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တဲ့စကားရပ်များ အစားထိုးခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအရ ယခင်ဥပဒေများမှာပါရှိတဲ့ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအပြင် ထိုစဉ်က ရှိခဲ့တဲ့ ပြည်သူ့တရားသူကြီးအဖွဲ့ အစရှိတဲ့ဗဟိုအာဏာပိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ခွင့်ရှိလာပါတယ်။ ယင်းနှစ်နောက်ပိုင်းမှာ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေများမှာလည်း ယခင်ဥပဒေများကဲ့သို့ နိုင်ငံတော်သမ္မတကမဟုတ်ဘဲ ဥပဒေနှင့်သက်ဆိုင်တဲ့ ဝန်ကြီးဌာနကအမိန့်ကြော်ငြာစာများ ထုတ်ခွင့်ရှိလာပါတယ်။
၁၉၈၈ မှ ၂၀၁၀ အထိ အစိုးရများကတော့ ၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီခေတ်ပုံစံအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့အကြီးအကဲဖြစ်ခဲ့ပါတယ်။ နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မ·းကြီးစောမောင်က ဦးနေဝင်းရဲ့ သြဇာအာဏာလောင်းရိပ်အောက်တွင် ရှိခဲ့သော်လည်း နယကဥက္ကဋ္ဌ ဗိုလ်ချုပ်မ·းကြီးသန်းရွှေကတော့ ဦးနေဝင်း၏လောင်းရိပ်အောက်မှရုန်းထွက်ကာ အာဏာအားလုံးကိုချုပ်ကိုင်ပြီး နိုင်ငံတော်ကို အုပ်စိုးခဲ့ပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာနိုင်ငံတော်အကြီးအကဲနှင့် အစိုးရ အဖွဲ့ရဲ့အကြီးအကဲဖြစ်တယ်ဆိုပေမဲ့ တပ်မတော်က အစိုးရအဖွဲ့အောက်မှာမရှိဘဲ စင်ပြိုင်အစိုးရသဖွယ်ဖြစ်နေခဲ့ပါတယ်။ ဦးသန်းရွှေရဲ့ နောက်လိုက်ထဲက ဝါရင့်တပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့ ဦးသိန်းစိန်ကို သမ္မတအဖြစ် နေရာပေးခဲ့ရာမှာလက်ရှိကာကွယ်ရေးဦးစီးချုပ်က ဦးသိန်းစိန်ထက် ဝါစဉ်အရ ငယ်ရွယ်သူဖြစ်တာကြောင့် အစိုးရနှင့် တပ်မတော်တို့ရဲ့ဆက်ဆံရေးမှာ အဖုအထစ်ရှိခဲ့ကြောင်း မကြားသိခဲ့ရသော်လည်း တပ်မတော်တွင် ဦးသိန်းစိန်ထက်ရာထူးကြီးခဲ့ပါလျက် သမ္မတဖြစ်ခွင့်မရဘဲ လွှတ်တောဥက္ကဋ္ဌရာထူးသာရရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းဦးဆောင်
တဲ့ လွှတ်တော်က ဦးသိန်းစိန်အစိုးရနှင့် စင်ပြိုင်ဖြစ်လာ
ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လွဲမှားတဲ့ပြဋ္ဌာန်းချက်တစ်ခုကြောင့် သမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ်မှ ထွက်လိုက်ရပြီး ဦးရွှေမန်းက ထိုရာထူးကိုရသွားခြင်းဟာလည်း အစိုးရနှင့်လွှတ်တော်တို့ စင်ပြိုင်ဖြစ်စေတဲ့ အကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တယ်ဆိုတဲ့ ြီူ အစိုးရ တက်လာတဲ့အခါမှာတော့ သမ္မတဦးထင်ကျော်ဟာ ၂၀ဝ၈ အခြေခံဥပဒေအရ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်သည်ဆိုသော်လည်း တပ်မတော်ကအစိုးရအောက်မှာ မရှိခြင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးသုံးဦးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားသူဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်နှင့် အစိုးရအာဏာများကို အပြည့်အဝချုပ်ကိုင်နိုင်တဲ့သမ္မတဖြစ်တယ်လို့ မပြောနိုင်တော့ပါဘူး။
ဒါထက်ပိုဆိုးတာက ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီး အတိုင်ပင်ခံဆိုတဲ့ရာထူးကို ရယူခဲ့တဲ့ပုဂ္ဂိုလ်က "ကျွန်မက နိုင်ငံတော်သမ္မတရဲ့ အထက်ကရှိနေမှာပါ" လို့ ကမ္ဘာကသိအောင် ကြေညာခဲ့ခြင်းပဲဖြစ်ပါတယ်။
ဒီလိုပြောကြားချက်ဟာ နိုင်ငံတကာနှင့် ဆက်ဆံရေးမှာ မြန်မာနိုင်ငံသမ္မတရဲ့ပုံရိပ်ကို မှေးမှိန်စေခဲ့တာကတော့ အသေအချာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအစိုးရတက်စ အချိန်မှာ New York Times သတင်းစာက သတင်းခေါင်းစီးအဖြစ်"Aung San Suu Kyi's De facto Government " လို့ဖော်ပြခဲ့တာကို ဖတ်လိုက်ရပါတယ်။ de facto ဆိုတဲ့လက်တင်ဝေါဟာရရဲ့အဓိပ္ပာယ်က "အကြောင်းခြင်းရာအရ (လက်တွေ့သဘောအရ၊ အမှန်အားဖြင့်)လို့ ဖြစ်ပါတယ်။ သူနှင့်ဆန့်ကျင်ဘက် စကားလုံးကတော့dejure ဖြစ်ပါတယ်။ အဓိပ္ပာယ်က "ဥပဒေအရ၊ ဥပဒေနှင့်အညီ တင်မြှောက်ထားသော" လို့ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက်နှင့် နယူးယောက်တိုင်းသတင်းစာတို့ရဲ့ ဆိုလိုချက်အရ ပြောရမယ်ဆိုရင် ဦးထင်ကျော် နှင့် ဦးဝင်းမြင့်တို့ဟာDe Jure Presidents and De Jure Heads of the Stateများဖြစ်ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့"De facto Head of the State ESifh De facto Head of the Government" ဖြစ်ပါတယ်။
ဆိုလိုတာက ဦးထင်ကျော်နှင့် ဦးဝင်းမြင့်တို့ဟာ ဥပဒေမျက်စိတွင် နိုင်ငံတော်သမ္မတ (နိုင်ငံတော်အကြီးအကဲ) နှင့် အစိုးရအဖွဲ့ အကြီးအကဲဖြစ်သော်လည်း လက်တွေ့သဘောအရ (ဝါ) အမှန်အားဖြင့်တော့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကသာ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။
(ဦးကျော်အေးသည် အငြိမ်းစား ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်။)

















