ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀ ရက်က ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် အိမ်ကွင်းတွင် ဥရောပအသင်းငယ် ဆမ်မာရီနိုအား လက်ခံကစားခဲ့ရာ ခြေစွမ်းပိုင်းအားသာမှုရှိခဲ့ပြီး ကိုးဂိုးပြတ်အနိုင်ရကာ ယူရို ၂၀၂၀ ခြေစစ်ပွဲ ပထမဆုံးအောင်မြင်ခဲ့သည့် အသင်း အဖြစ်မှတ်တမ်းဝင်ခဲ့သည်။
ဘယ်လ်ဂျီယံနည်းပြ မာတီ နက်ဇ်သည် တိုက်စစ်တွင် လူကာကူ၊ ဟာဇက်နှင့် မာတန် တို့ကိုအသုံးပြုခဲ့ပြီး အဓိကကစားသမားများ အစုံအလင် အသုံးပြုခဲ့သည်။ ဆမ်မာရီနိုသည် ဘယ်လ်ဂျီယံအား ခံစစ် ပိတ်ဆို့ကစားရန် ကြိုးစားခဲ့သော်လည်း ဘယ်လ်ဂျီယံ တိုက်စစ်ကို တောင့်မခံနိုင်ဘဲ ပထမပိုင်း၌ပင် ခြောက်ဂိုး ပြတ်ရှုံးနိမ့်ခဲ့သည်။ ဘယ်လ်ဂျီယံအသင်းသည် ဒုတိယ ပိုင်းတွင် ပင်နယ်တီတစ်ဂိုးအပါအဝင် သုံးဂိုးထပ်မံသွင်း ယူနိုင်ခဲ့၍ ကိုးဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဘယ်လ်ဂျီယံသည် တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု ၈၄ ရာခိုင်နှုန်းရရှိအောင် ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်း ခြောက်မှု ၄၃ ကြိမ်ရခဲ့ရာ ၁၇ ကြိမ် ဂိုးပေါက်တည့်ခဲ့သည်။ ဆမ်မာရီနိုသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်မှမရဘဲ ဘယ်လ်ဂျီယံတိုက်စစ်ကိုခုခံရင်း အချိန် ကုန်ခဲ့ရသည်။
ဘယ်လ်ဂျီယံအတွက် ဂိုးများကို မတူညီသည့် ကစားသမားခုနစ်ဦးက သွင်းယူပေးခဲ့ပြီး တတိယဂိုးမှာ လက်ဆောင်ဂိုးဖြစ်ခဲ့သည်။ ဂိုးမိုးရွာနိုင်ခဲ့သော ဘယ်လ်ဂျီယံ သည် ယူရို ၂၀၂၀ ခြေစစ်ပွဲခုနစ်ပွဲကစားပြီးချိန် ပွဲတိုင်း အနိုင်ရကာ ၂၈ ဂိုးသွင်းယူခဲ့ပြီး တစ်ဂိုးသာပေးရကာ အုပ်စု(I)မှ ခြေစစ်ပွဲအောင်မြင်လာခဲ့သည်။ အုပ်စု(I)ဒုတိယနေရာတွင် (၁၉)မှတ်ရရှိထားသော ရုရှားလက်ရွေး စင်အသင်းရပ်တည်နေကာ တတိယနေရာ၌ ဆိုက်ပရက်စ် အသင်းရှိနေသည်။
အဖွင့်ဂိုးသွင်းပေးခဲ့သော လူကာကူသည် ဘယ်လ်ဂျီယံ ကစားသမားဘဝ ၈၃ ပွဲကစားပြီးချိန် ဂိုး ၅၀ ပြည့်နှင့် ၅၁ ဂိုးမြောက်သွင်းပေးခဲ့သည်။ လူကာကူသည် ဘယ်လ် ဂျီယံအတွက် ဂိုး ၅၀ ပြည့်ခဲ့သော ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။















