တအာင်းအဖွဲ့က လူနေအိမ်များကိုအကာအကွယ်ယူ၍ တိုက်ခိုက်မှုများပြုလုပ်နေခြင်းအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အောက်တိုဘာ ၁၁ ရက်က ဝေဖန်ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်အတွင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန် သိန်းနီမြို့ကို ဖြတ်သန်းသွားလာခဲ့သည့် တပ်မတော်ယာဉ်တန်းအား အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် တအာင်း အဖွဲ့က သိန်းနီမြို့တွင်းရှိ လူနေရပ်ကွက်အဆောက်အအုံများအား အကာအကွယ်ရယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အရပ်သားများထိခိုက်
ထို့ကြောင့် တပ်မတော်ဘက်မှ အရာရှိစစ်သည်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ်များနှင့် အရပ်သားထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းလုပ်ရပ်သည် မလုပ်သင့်မလုပ်ထိုက်သည့်လုပ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အကျိုး မရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။
ဖြစ်ပွားနေဆဲ
တအာင်းအဖွဲ့အပါအဝင် ကိုးကန့်နှင့်ရခိုင်အဖွဲ့တို့ စုပေါင်းထားသည့် မြောက်ပိုင်း စစ်ရေးမဟာမိတ်သုံးဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့၌ တပ်မတော် နှင့် ၎င်းတို့အကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။















