ပေါ်တူဂီလက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၁ ရက်က အိမ်ကွင်းတွင် ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဥရောပအသင်းငယ် လူဇင်ဘတ်နှင့်ကစားခဲ့ရာ သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ပေါ်တူဂီသည် အိမ်ကွင်းနိုင်ပွဲရရှိခဲ့ရာ၌ အခက်အခဲလုံးဝမရှိခဲ့ဘဲ နိုင်ပွဲရခဲ့ခြင်းလည်းဖြစ်သည်။
ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကို ဘာနာဒိုဆေးလ်ဗား က ပွဲချိန် ၁၆ မိနစ်တွင်သွင်းယူခဲ့သည်။ ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် ပွဲချိန် ၆၅ မိနစ်တွင် လူဇင် ဘတ်ကစားသမား၏ အမှားမှတစ်ဆင့် ဘောလုံးရယူခဲ့ပြီး ဂိုးသမားနှင့်တွေ့ခဲ့ရာ အသာကျော်မ၍ လှလှပပဂိုးသွင်း ပေးခဲ့သည်။
ပေါ်တူဂီအတွက် တတိယဂိုးကို ဂူဒက်စ်က ၈၉ မိနစ် တွင်သွင်းယူပေးခဲ့၍ သုံးဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီအသင်းသည် ယူရို ၂၀၂၀ ခြေစစ်ပွဲငါးပွဲကစား ပြီးချိန်၌ သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ ၁၁ မှတ်ဖြင့် ထိပ်ဆုံးမှ ယူကရိန်းနှင့် ငါးမှတ်ကွာဟနေသည်။
အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးစီရိုနယ်ဒိုသည် ဂိုးသွင်းနိုင်ခဲ့သောကြောင့် ပရိုကစားသမားဘဝ ဂိုး ၇၀ဝ ပြည့်ရန် တစ်ဂိုးသာလိုအပ်နေသည်။ စီရိုနယ်ဒို၏အထက်၌ ဂိုးသွင်းအများဆုံးကစားသမားငါးဦးသာရှိနေပြီး ၎င်းတို့မှာ ဘီကန် (၈၀၅ဂိုး)၊ ရိုမာဒီယို (၇၇၂ဂိုး)၊ ပီလီ (၇၆၇ဂိုး)၊ ပွတ် စကပ် (၇၄၆ဂိုး)နှင့် ဂတ်မူလာ (၇၃၅ဂိုး) တို့ဖြစ်ကြသည်။
စီရိုနယ်ဒိုသည် နိုင်ငံတကာဂိုးအများဆုံး အီရန်တိုက် စစ်မှူးဟောင်း အလီဒါယီ၏စံချိန်ကိုလိုက်မီရန် ၁၅ ဂိုးသာ လိုအပ်နေသည်။ အလီဒါယီသည် နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးသွင်းယူထားသည်။ စီရိုနယ်ဒိုသည် နိုင်ငံတကာပွဲ ၁၆၁ ပွဲကစားခဲ့ရာ ၉၄ ဂိုးသွင်းယူထားသည်။
စီရိုနယ်ဒိုသည် ယူရိုခြေစစ်ပွဲဂိုးသွင်းအများဆုံးဖြစ်ပြီး ၃၅ ဂိုးသွင်းယူထားသည်။ စီရိုနယ်ဒို ဂိုးမသွင်းဖူးသော အသင်းများမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အင်္ဂလန်တို့ ဖြစ်ကြသည်။ စီရိုနယ်ဒိုသည် နိုင်ငံတကာကစားသမား ဘဝမှ အနားမယူသေးဘဲ ဆက်လက်ခြေစွမ်းပြကစားနေသူ ဖြစ်သည်။















