အီတလီလက်ရွေးစင်အသင်း ယူရို ၂၀၂၀ ခြေစစ်ပွဲ အောင်

အီတလီလက်ရွေးစင်အသင်း ယူရို ၂၀၂၀ ခြေစစ်ပွဲ အောင်

အီတလီလက်ရွေးစင်အသင်းသည် အောက် တိုဘာ ၁၂ ရက်က ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် အိမ်ကွင်းတွင် ဂရိအသင်းအား လက်ခံကစား ခဲ့ရာ နှစ်ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ယူရို ၂၀၂၀ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

အီတလီ အသင်းသည် သမိုင်းအစဉ်အလာကြီးမားသော အသင်းဖြစ်သော်လည်း ၂၀၁၈ ရုရှား ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပေ။ အီတလီသည် နည်းပြသစ်အဖြစ် မန်စီနီအား ခန့်အပ်ခဲ့ပြီးနောက် ရလဒ်များ ကောင်းကာ ယူရို ၂၀၂၀ ခြေစစ်ပွဲ ခုနစ်ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး ဘယ်လ်ဂျီယံအသင်း ပြီးနောက် ဒုတိယမြောက် ခြေစစ်ပွဲအောင်မြင် ခဲ့သည့် အသင်းဖြစ်လာသည်။

အီတလီအသင်း တိုက်စစ်ကို အင်မိုဘိုင်း၊ အင်ဆိုင်နီနှင့် ချီဆာတို့ ဦးဆောင်ခဲ့ပြီး ဂရိ အား ရင်ဆိုင်ခဲ့သည်။ အီတလီသည် ပထမ ပိုင်းတွင် အခွင့်အရေးအသုံးမချနိုင်ခဲ့၍ ဂိုးမရှိ သရေကျခဲ့သည်။ အီတလီသည် ၆၃ မိနစ် တွင် ဦးဆောင်ဂိုးရခဲ့ပြီး ဂျော်ဂျင်ဟိုက ပင်နယ် တီမှတစ်ဆင့် သွင်းယူခဲ့သည်။ အီတလီ အသင်းအတွက် ဒုတိယဂိုးကို ဘာနာဒက်ချီက ပွဲချိန် ၇၈ မိနစ်တွင် သွင်းယူခဲ့၍ နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။

အီတလီသည် ယူရို ၂၀၂၀ ခြေစစ်ပွဲရာနှုန်း ပြည့် နိုင်ပွဲဆက်ခဲ့ပြီး ခုနစ်ပွဲ ကစားပြီးချိန် ဂိုး ၂၀ သွင်းယူကာ သုံးဂိုးသာ ပေးခဲ့ရသည်။ နိုင်ပွဲရရှိခဲ့ပြီးနောက် အီတလီအသင်းနည်းပြ မန်စီနီသည် စံချိန်မှတ်တမ်းကောင်းတစ်ခု လိုက်မီရန် အခွင့်အလမ်း ပိုင်ဆိုင်နေသည်။

အီတလီသည် လက်ရှိတွင် ပြိုင်ပွဲစုံ ရှစ်ပွဲဆက် တိုက် အနိုင်ရရှိထားရာ အကယ်၍ လက်ချင် စတိန်းအား အနိုင်ရခဲ့ပါက မန်စီနီမှာ ၁၉၃၈– ၃၉ ခုနှစ်၌ နည်းပြပေါ့ဇို တင်ထားသော ကိုးပွဲဆက်တိုက် အနိုင်ရခဲ့သည့် စံချိန်လိုက်မီ တော့မည် ဖြစ်သည်။

ဦးဆောင်ဂိုးသွင်းပေးခဲ့သော ဂျော်ဂျင်ဟိုက နှစ်လိုစရာကောင်းသည့် ရလဒ်ဖြစ်ကြောင်း၊ ခြေစစ်ပွဲအောင်မြင်ခဲ့မှု ထိုက်တန်ကြောင်း ပြောဆိုခဲ့သည်။ အီတလီသည် အင်္ဂါနေ့တွင် လက်ချင်စတိန်းနှင့် ယူရိုခြေစစ်ပွဲ ဆက်လက် ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး