ရေကျော်သီတင်းကျွတ်ပွဲဈေးနှင့်ရွှေတိဂုံဘုရားစောင်းတန်းတို့တွင် ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၂ ရက် ည ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် (၄၉)လမ်းထောင့်ရှိ ရေကျော်သီတင်း ကျွတ်ဈေးပွဲတော်အတွင်း ခါးပိုက်နှိုက် မှုကျူးလွန်ခဲ့ကြောင်း သတင်းရရှိထားသည့် လှဝင်း(ခ)ရှစ်နီးယား(ခ)ရာဂျားကို ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များက တွေ့ရှိ ဖမ်းဆီးခဲ့သည်။
၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ SAMSUNG အမျိုးအစား ဖုန်းတစ်လုံးကိုတွေ့ရှိရပြီး အဆိုပါဖုန်းနှင့်ပတ်သက်၍ မေးမြန်းရာ ယင်းဈေးပွဲတော်သို့ လာရောက်သည့် အသက်(၅၀)နှစ်ခန့်ရှိ အမျိူးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့အတူ အောက်တိုဘာ ၁၃ ရက်၊ နံနက် ၁၁နာရီ ၁၀ မိနစ်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံ စေတီတော်အနောက်ဘက်မုခ် စောင်းတန်း၌ ခါးပိုက်နှိုက်မှုမသင်္ကာသူ ဇော်မင်းဦး၊ သူရအောင် နှင့် နေမျိုးထက်တို့သုံးဦးကို ရဲတပ်ဖွဲ့က စစ်မေးခဲ့သည်။
၎င်းတို့လက်အတွင်းရှိ ငွေကျပ် ၁၁၄၅၀ ကျပ်ပါ ပိုက်ဆံအိတ်တစ်လုံးနှင့် ပတ်သက်၍ စစ်မေးရာ ရွှေတိဂုံစေတီတော် အနောက်ဘက် စောင်းတန်းတွင် ဘုရားဖူးရန် တက်လာသည့် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ လူကာ၍ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။
ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည့် ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ ၄ ဦးကို သက်ဆိ်ုင်ရာက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉၊ ၃၇၉/၁၁၄ တို့ အရ သက်ဆိုင်ရာမြို့မရဲစခန်းအသီးသီး တွင် အမှုဖွင့်အရေးယူထားသည်။

















