လေးနှစ်ကလေးကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုသူအဖိုးအား အရေးယူ

လေးနှစ်ကလေးကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုသူအဖိုးအား အရေးယူ

ဇလွန်မြို့နယ်တွင် အသက်လေးနှစ်အရွယ်မြေးဖြစ်သူကို အဖိုးဖြစ်သူက လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုကျူးလွန် ခဲ့ခြင်းအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မြို့နယ် ထုံးတပိုုအုပ်စု၊ ချောင်းကြီးကျေးရွာနေ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၂နာရီ၃၅မိနစ်တွင် ရေလဲရဲကင်း စခန်းသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုင်ကြားရာ၌ အောက်တိုဘာ ၁၀ ရက် နံနက် ၆ နာရီ ခန့်တွင် ၎င်းက ခင်ပွန်းနှင့်အတူ ရွာထဲရှိ ငရုတ်ကိုင်းထဲသို့ ငရုတ်ပင်စိုက်ရန်သွားစဉ် အသက်လေးနှစ်အရွယ် သမီးဖြစ်သူကို အဖွား၏နေအိမ်တွင် အပ်နှံခဲ့သည်။

ထိုသို့အပ်နှံခဲ့ပြီး နံနက် ၁၁ နာရီတွင် နေအိမ်သို့ ပြန်လာစဉ် ၎င်း၏သမီးသည် အဖွားဖြစ်သူနေအိမ်မှ ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေခဲ့ရာ လေးနှစ်သမီး၏အဖိုး နေထိုင်သည့် ခေါင်းရင်းဘက်တဲတွင် သမီးဖြစ်သူကို ကလေး၏ဖခင်က တွေ့ရှိခဲ့သည်။

၎င်းခေါ်နေသည်ကို မထူးသဖြင့် ကလေး၏ဖခင်က သမီးဖြစ်သူကို ၂/ ၃ ချက် ရိုက်နှက်ခဲ့ပြီး ပိုက်ချသွားရန် ထွက်သွားခဲ့သည်။

သမီးဖြစ်သူ မျက်နှာမကောင်းသဖြင့် မိခင်ဖြစ်သူကမေးမြန်းခဲ့ရာ ဘဘ က သားရေကွင်းပေးမည်ဟု ပြောဆိုကာ ၄င်း၏တဲသို့ခေါ်သဖြင့် လိုက်သွားခဲ့ပြီး လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုကို ကျူးလွန်ခဲ့ကြောင်း သမီးဖြစ်သူ၏ ပြောပြချက်အရ သိရှိခဲ့သည်။

သမီးဖြစ်သူ၏မိန်းမကိုယ်ရောင်နေသဖြင့် ခင်ပွန်းဖြစ်သူ သိလျှင်ပြဿနာတက်မည်စိုး၍မပြောဘဲ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့်တိုင်ပင်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဇလွန်မြို့မရဲစခန်းက (ပ)၂၆၁၆/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၇၇ အရ အမှုဖွင့်ကာ ကျူးလွန်သူအသက်၅၇နှစ် အရွယ်အဖိုးကို ဖမ်းဆီးအရေးယူထားသည်။