ဘားအံမြို့တွင် သမက်နှင့်ယောက္ခမ စကားများရန်ဖြစ်ပြီး ကျောက်ခဲနှင့် အပြန်အလှန်ထုနှက်ရာမှ ယောက္ခမသေဆုံးမှုကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။
အောက်တိုဘာ ၁၄ ရက် ည ၁၂ နာရီ ၁၀မိနစ်တွင် ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာနေ ဦးတိုးရှိန်(၇၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ သမက်ဖြစ်သူ သူရဝေလွင်(ခ) မှန်ကြီး (၂၉)နှစ် ရောက်ရှိလာပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်က နေအိမ်မှဆင်းလာသည့် သမီးဖြစ်သူ မအေးအေးသိုက်(၃၇)နှစ်ကို ပြန်လည်ပေါင်းသင်းရန် လာရောက်ခေါ်ဆောင်ခဲ့သည်။
ဦးတိုးရှိန်က ပြန်ထည့်မပေးသောကြောင့် သမက်ဖြစ်သူ သူရဝေလွင်(ခ)မှန်ကြီးနှင့် စကားများခဲ့ပြီး နေအိမ်ရှေ့လမ်းပေါ်တွင် ၎င်းတို့ နှစ်ဦး ကျောက်ခဲဖြင့် အပြန်အလှန်ထုနှက်ခဲ့ကြသည်။
ဦးတိုးရှိန်တွင် ဦးခေါင်းငယ်ထိပ်၊ ချိုစောင်းပေါက်ပြဲ ဒဏ်ရာ များ(စိုးရိမ်ရ)နှင့် သူရဝေလွင် (ခ)မှန်ကြီးတွင် ဦးခေါင်းပေါက်ပြဲ၊ မျက်နှာဖူးရောင်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသစဉ် ဦးတိုးရှိန်မှာ သေဆုံးခဲ့သည်။
ဂျိုင်းနယ်မြေရဲစခန်းက (ပ)၃၂/၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။
















