မူးယစ်ဆေးမှုမှ ပြန်လွတ်မြောက်ခဲ့သည့် အဆိုတော် ဖြိုးပြည့်စုံပါသုံးဦး သတင်းစာရှင်းလင်း

မူးယစ်ဆေးမှုမှ ပြန်လွတ်မြောက်ခဲ့သည့် အဆိုတော် ဖြိုးပြည့်စုံပါသုံးဦး သတင်းစာရှင်းလင်း

မူးယစ်ဆေးသံသယမှုဖြင့် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့သည့် အဆိုတော် ဖြိုးပြည့်စုံပါသုံးဦး ၏သတင်းစာရှင်းလင်းပွဲကို ယနေ့အောက်တိုဘာ၁၅ရက်တွင် ရန်ကုန်မြို့ House of Orchid ၌ ပြုလုပ်ခဲ့သည်။

''ဒီကာလဟာ ကျွန်တော်တို့ အတွက် အိပ်မက်ဆိုးတွေပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာတာတွေ၊ လူမြင်ကွင်းမှာ လက်ထိပ်ခတ်တာ၊ ကိုယ်ထိလက်ရောက်ပြုမူတာတွေက ရုပ်ပိုင်းဆိုင်ရာ နစ်နာမှု တွေပါပဲ''ဟု မူးယစ်ဆေးသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံရမှုမှ လွတ်မြောက်ခဲ့သည့် အဆိုတော်ဖြိုး ပြည့်စုံက သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြား သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီခန့်တွင် ဗဟန်းမြို့နယ် မြန်မာပလာဇာရှေ့ရှိ ကော်ဖီဆိုင်တွင် အဆိုတော်ဖြိုးပြည့်စုံအပါအဝင် ဂျော်နီဆန်းလွင်နှင့် ငြိမ်းချမ်းကိုတို့ သုံးဦးကို မူးယစ်တပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းဖြင့် ဖမ်းဆီးထိန်းသိမ်းခံရမှု အပေါ်  ပြည်သူများသိရှိစေရန် မီဒီယာမှတစ်ဆင့် ၎င်းက ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

'' ဒီအချိန်မှန်မှန်ကန်ကန်နေထိုင်ခဲ့တာကြောင့် ကိုယ်တကယ်မလုပ်ခဲ့တဲ့ အမှားတစ်ခုကို  ကျော်ဖြတ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ကို ဝန်းရံပေးတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်။ ရဲလုပ်ထုံးလုပ်နည်းတွေ အတိုင်း တိတိကျကျ ဆောင်ရွက်ပေးခဲ့တဲ့အတွက်ကြောင့် ဗဟန်းရဲစခန်းက ရဲဝန်ထမ်းတွေကို ကျေးဇူးတင်တယ်" ဟု အဆိုတော်ဖြိုးပြည့်စုံက ပြောသည်။

မမျှော်လင့်ဘဲ လူမှုကွန်ရက်ပေါ်သို့ ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံနှင့် သတင်းများကြောင့် ပြည်သူလူထု၏ အထင်အမြင်လွဲမှားမှုများကို ခံစားခဲ့ရသော်လည်း နှစ်ပေါင်းများစွာယုံကြည့်မှုတည်ဆောက်ခဲ့သည့် ပရိသတ်များက ဝန်းရံပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ဂျော်နီဆန်းလွင်က ပြောကြားခဲ့သည်။

အလုပ်အားလပ်ရက်များတွင် သူငယ်ချင်းများနှင့်ချိန်းဆိုကာ ခေါင်းလျှော်ခြင်း၊ ကော်ဆီဆိုင်ထိုင်ခြင်း၊ ဈေးဝယ်ခြင်းများ အပန်းဖြေလေ့ရှိသော်လည်း မမျှော်လင့်ထားသည့် ဖြစ်ရပ်ဆိုးကြောင့် ၄င်းတို့ အတွက် ထိန်းသိမ်းခံရသည့် ရက်များတွင် အိပ်မက်ဆိုးအဖြစ်ခံစားရကြောင်း အဆိုတော် ဖြိုးပြည့်စုံက ပြောသည်။

"ဖမ်းဆီးတဲ့ မူးယစ်ရဲတပ်ဖွဲ့ဝင်တွေကိုကျွန်တော်ရှင်းပြတယ်။ ဒီပစ္စည်းက သကြားလုံးပါ။ မစားဖြစ်တာကြောင့် ဒိတ်လည်း လွန်နေတာဖြစ်ပါတယ်။ ယိုးဒယားက ကျွန်တော်ဝယ်ယူခဲ့တာလို့ ရှင်းပြတယ်။ ဒါကိုမူးယစ်ရဲတပ်ဖွဲ့က လက်မခံခဲ့ဘူး" ဟု ဖြိုးပြည့်စုံက ဆိုသည်။

၄င်းတို့ သုံးဦးကို ဆရာစံရပ်ကွက်ရုံးအတွင်း ခေါ်ဆောင်ကာ သိမ်းဆည်းသည့်ပစ္စည်းများနှင့်အတူ ဓာတ်ပုံရိုက်နေချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊မူးယစ်ရဲတပ်ဖွဲ့ဝင်များသာ ရှိပြီး အဆိုပါ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည်ကို ဗဟန်းရဲစခန်းရောက်ရှိမှသာ သိရကာ ဖမ်းဆီးထိန်းသိမ်းသည့် တာဝန်ရှိသူများပင်လျှင် မသိရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

" ဓာတ်ပုံရိုက်တဲ့ အချိန်တုန်းက ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတုန်းမသေချာသေးတာကြောင့် မီဒီယာပေါ်မ တင်ဘူးလို့ ပြောပေမယ့် ကျွန်တော်တို့ကို ဗဟန်းရဲစခန်းရောက်ပြီး အမှုဖွင့်တဲ့ အချိန်မှာ ဓာတ်ပုံတွေ ကလိုင်းပေါ်မှာ တက်နေပြီ" ဟု ဖြိုးပြည့်စုံက ပြောသည်။

ကျွန်တော်တို့ကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာဆေးစစ်ပြီး ဗဟန်းတရားရုံးမှာ မူးယစ်ပုဒ်မနဲ့ ရမန်တောင်းတယ်။ နောက်နေ့ ဓာတုဗေဒဝန်ရုံးက သိမ်းဆည်းရမိတဲ့ ပစ္စည်းက ကတ်တမင်းဆေးပြား မဟုတ်ကြောင်း ပြန်ကြားခဲ့တယ်။ ဆီးနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေမှာ ဘာမှသုံးစွဲထားတာမရှိဘူးလို့ ပြန်ကြားခဲ့တာကြောင့် ကျွန်တော်တို့ အချုပ်ကလွတ်ခဲ့တယ်။ ကျွန်တော်တို့ကို အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲဝန်ထမ်းတွေကို ကျေးဇူးတင်တယ်" ဟု ထည့်သွင်းပြောကြားသည်။

" ဒီဖြစ်ရပ်ကြောင့် ကိုယ့်ကိုချစ်တဲ့သူတွေ ဘယ်လောက်ရှိတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်တို့ သုံးယောက်လုံးက မူးယစ်ဆေးနဲ့ ပတ်သက်လို့ ထိတွေ့ဖူးချင်းမရှိဘူး။ ကြိုက်တဲ့ အချိန် စစ်ဆေး နိုင်တယ်၊ ကျွန်တော်တို့ လူစည်ကားတဲ့နေရာ ကျွန်တော်တို့ နှစ်သက်တဲ့နေရာမှာ မဟုတ်မမှန် ဖမ်းဆီးခံရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အပြင်တောင်မထွက်ရဲဘူး။ ပရိသတ်က ယုံကြည်ဝန်းရံပေးတဲ့ အတွက်ကြောင့် ကျေးဇူးတင်တယ်" ဟု ဂျော်နီဆန်းလွင်က ပြောသည်။

၄င်းတို့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဓာတ်ပုံများဖြင့် တစ်ဖက်စောင်းနင်းရေးသားမှုများအပေါ် စခရင်ရှော့ဖြင့် ရုပ်သံဖိုင်တစ်ခု ပြသသွားခဲ့သည်။

''ဒီကာလဟာ ကျွန်တော်တို့ အတွက် အိပ်မက်ဆိုးတွေပါဘဲ။ ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေရှိတယ်။ နှစ်ပေါင်းများစွာ ယုံကြည်အားပေးတဲ့သူတွေ အပြင် အဝေးကနေ စိုးရိမ်ပူပန်ပေးခဲ့ တာတွေက ကျွန်တော်တို့ဘဝရဲ့ ကယ်တင်ရှင်တွေပါ'' ဟု ၎င်းတို့သုံးဦး၏ ဆန္ဒကိုထုတ် ဖော်ပြောဆိုခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး