မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးစဉ်က လုပ်ထုံးလုပ်နည်းကျော်လွန်လုပ်ဆောင် ခဲ့သည့်ဖြစ်စဉ်ကို သက်ဆိုင်ရာတာဝန်ရှိ သူများစစ်ဆေးနေကြောင်း တေးသံရှင် ဖြိုးပြည့်စုံက ပြောဆိုသည်။
တေးသံရှင် ဖြိုးပြည့်စုံ၊ ရော်နီစန်းလွင်၊ ငြိမ်းချမ်းကိုတို့က အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ House Of Orchid ၌ပြုလုပ်သည့် ၎င်းတို့ဖမ်းဆီးစစ်ဆေးခံခဲ့ရချိန်က ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များအား သတင်းစာရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ကို ဖမ်းဆီးစဉ်က လုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်တာတွေ ရှိတာပေါ့။ ပြစ်မှုမမြောက်တာလည်းဖြစ်တယ်။ လုပ်ထုံး လုပ်နည်းကျော်သွားတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအားလုံးက စစ်ဆေးနေ တာတွေရှိပါတယ်။ ကျွန်တော်တို့လည်း ဆက်လက်ပြီးတော့ စောင့်ကြည့်သွားမှာပါ။ နောက်ဖြစ်စဉ်တွေမှာ ကျွန်တော်တို့လိုအဖြစ်မျိုး ပြည်သူပြည်သားတွေပေါ်မှာ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ကျေနပ်ပါတယ်" ဟု တေးသံရှင်ဖြိုးပြည့်စုံက ပြောဆိုခဲ့သည်။
ဗန်ကောက်မှချိုချဉ်
ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် အပြစ်မရှိကြောင်း ကို သုံးရက်တာကာလအတွင်း မြန်ဆန်မှန်ကန်စွာစစ်ဆေးပြီး ပြန်လွတ်လာခြင်းမှာ ရဲတပ်ဖွဲ့၏စွမ်းဆောင်မှု အဓိကကျကြောင်း၊ မူးယစ်ဆေးဟုယူဆခံရသည့် ပစ္စည်းမှာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ဝယ်လာသည့် ချိုချဉ်ဖြစ်ပြီး ရက်လွန်နေပြီဖြစ်ကြောင်း ဖြိုးပြည့်စုံက ပြော ဆိုသည်။
တေးသံရှင် ဖြိုးပြည့်စုံ၊ ရော်နီစန်းလွင်၊ ငြိမ်းချမ်းကိုတို့ သုံးဦးကို အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီခွဲခန့်က မြန်မာပလာဇာ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ကတ်သမင်းဟု ယူဆ ရသည့် ဆေးပြား ၁၀ ပြားတွေ့ရှိသည်ဟုဆို ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှုမမြောက်
ယင်းနောက် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ က တရားလိုပြုလုပ်ပြီး ဗဟန်းမြို့မရဲစခန်းက မူးယစ်(ပ) ၄၄/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ကာ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ဗဟန်း မြို့နယ်တရားရုံး၌ ရုံးထုတ်ချုပ်ရမန်ယူခဲ့ပြီးနောက်တစ်ရက်အကြာ အောက်တိုဘာ ၉ရက် ညနေပိုင်း၌ ပြစ်မှုမမြောက်သဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

















