ဇနီးဖြစ်သူနှင့်ဖောက်ပြန်ခဲ့သည်ဆိုကာ ဓားဖြင့်ထိုးသတ်

ဇနီးဖြစ်သူနှင့်ဖောက်ပြန်ခဲ့သည်ဆိုကာ ဓားဖြင့်ထိုးသတ်

မြစ်သားမြို့နယ်တွင် ဇနီးဖြစ်သူနှင့်ဖောက်ပြန်ခဲ့သည်ဟုဆိုကာ ဓားဖြင့်ထိုးသတ်ခဲ့မှု အောက်တိုဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မြစ်သားမြို့နယ် လမ်းခွကျေး ရွာအုပ်စု အိုးကြီးကွေ့ကျေးရွာနေ ဦး-----က ဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်သားမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုင်ကြားရာတွင် ယင်းနေ့နံနက် ၁၁ နာရီခန့်က ၄င်းကနေအိမ်၌ရှိနေစဉ် လက်ပံဆိပ်ကျေးရွာ လေးကိုင်စဥ့်ကွင်းနေ ဦးတင်အောင်မိုးက ဖုန်းဖြင့်ဆက်သွယ်ကာ ဦး----၏ သားဖြစ်သူ ကို----(၃၉ နှစ်)မှာ မြစ်သား လပ်ပံဆိပ်သွားလမ်းပေါ်တွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်းပြောပြသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

သားဖြစ်သူမှာ လမ်းမပေါ်တွင် မှောက်လျက်အနေအထားဖြင့် ဝဲဘက်နံစောင်းထိုးသွင်း၊ဝဲဘက်နို့အုံအောက်ထိုးသွင်း၊ယာဘက်နံစောင်းပြတ်ရှဒဏ်ရာများရရှိကာ လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ သားဖြစ်သူကို ကူမဲမြို့၊ ဘိုတဲရပ်ကွက်နေ ချစ်ထိုက်သူက ဓားဖြင့်ထိုးသွားကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ပြစ်မှုကျူးလွန်ပြီးနောက်တိမ်းရှောင်နေသူ ချစ်ထိုက်သူ (ခ)ကိုသူ(၂၉ နှစ်)ကို ခေတ္တမြို့မရဲစခန်းမှူး ရဲအုပ်အောင်ဇော်မင်းထွန်းနှင့်အဖွဲ့က အချိန်ပိုင်းအတွင်း ဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းကို သိမ်းဆည်းခဲ့သည်။

ချစ်ထိုက်သူကို စစ်ဆေးချက်အရ သေဆုံးသူနှင့် ၎င်း၏ဇနီးဖြစ်သူတို့ အိမ်ထောင်ရေးဖောက်ပြန်သဖြင့် မကျေမနပ်ဖြစ်ကာ ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

မြစ်သားမြို့မရဲစခန်းက(ပ)၃၀၄/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။