ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသည့် တရုတ်နိုင်ငံသားငါး ဦးကို ဖမ်းမိ

ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသည့် တရုတ်နိုင်ငံသားငါး ဦးကို ဖမ်းမိ

ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်ထားသူ တရုတ်နိုင်ငံသားငါးဦးကို ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုဖြင့် သက်ဆိုင်ရာက အောက်တိုဘာ ၁၅ ရက်၌ ဖမ်းဆီးစစ်ဆေးခဲ့သည်။

အဆိုပါနေ့ ညနေ ၄ နာရီခွဲတွင် လောက်ကိုင်မြို့အရှေ့ မြောက်ဘက်တစ်မိုင်ခန့်အကွာ၌ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသည့်တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်းသတင်းအရ စခန်းမှူးရဲအုပ်ကျော်မင်းစိုး ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နေ စူထိုက်ကျွင်း ၃၄ နှစ် ၊ လူပေါက်ကျန်း ၅၄ နှစ် ၊ဖန်ရွှီဖိန် ၅၁ နှစ် ၊ ကျုံကြယ်ကျင်း ၃၄ နှစ် နှင့် ဖူတုန်း ၃၅ နှစ် တို့ကို ရဲတပ်ဖွဲ့ ယူနီဖောင်းနှစ်စုံ ကျည်ကာအင်္ကျီတစ်ထည် လက်ထိပ်ငါးစုံ၊ ဖိုက်ဘာဖြင့်ပြုလုပ်ထားသော ၉ မမ ပစ္စတို (အတု/ကျည်ဆံမပါ)နှစ်လက်၊ M 22 အနက်ရောင်သေနတ် တစ်လက် (အတု)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ငါးဦးကို စုံစမ်းချက်အရ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများကို ခြိမ်းခြောက်ငွေတောင်းခံရန် နယ်စပ် တရားမဝင် ဝင်ပေါက်မှ ခိုးဝင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လောက်ကိုင်မြို့မရဲစခန်းက (ပ)၂၅/ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၇၀ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။