ဖရန့်ဖတ်−လေဗာကူဆင်
စနေ၊ နံနက် ၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၆−၁ ဖရန့်ဖတ်
ဒီပွဲပြီးရင် ကြားရက်မှာ နှစ်သင်းစလုံး ဥရောပပွဲတွေ ကစားရဦးမှာပါ။ အခုလိုအချိန်မှာ ဖရန့်ဖတ်အတွက် အခွင့်ရေးကောင်းပါပဲ။ လေဗာကူဆင်ဟာ ချန်ပီယံလိဂ်ပွဲကို အလက်တီကိုအသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်လို့ အခုပွဲကို ကစားအားလျှော့ဖွယ်ရှိပါတယ်။ နောက်ဆုံးတွေ့ဆုံမှုမှာ လေဗာကူဆင် အပြတ်အသတ် အသာရခဲ့တယ်ဆိုပေမဲ့ ဒီပွဲမှာတော့ ဖရန့်ဖတ်ကို အားပေးချင်တယ်။
လိုက်ပဇစ် −ဝုဖ်ဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လိုက်ပဇစ် ၂−ဝ ဝုဖ်ဘတ်
ဒီနှစ် ဝုဖ်ဘတ်ရဲ့ ခြေစွမ်းက တော်တော်လေး ကောင်းနေပါတယ်။ ခုနစ်ပွဲကစားပြီးချိန်မှာ ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။ လိုက်ပဇစ်ကလည်း ခြေစွမ်းမညံ့လှပေမဲ့ ချန်ပီယံလိဂ်ပွဲတွေနဲ့ ပြည်တွင်း အမှတ်ပေးပွဲတွေကြား ဗျာများနေပါတယ်။ ဒီပွဲပြီးရင်လည်း လိုက်ပဇစ်တို့ ဇင်းနစ်နဲ့ချန်ပီယံလိဂ်ကစားဖို့ ရှိနေပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဝုဖ်ဘတ် သရေတစ်မှတ် ခွဲယူနိုင်ပါတယ်။
အော့စ်ဘတ် − ဘိုင်ယန်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၂−၃ ဘိုင်ယန်
အော့စ်ဘတ်နဲ့ ဘိုင်ယန်တို့ရဲ့ လက်ရှိအနေအထားတွေက ကွာခြားလွန်းပါတယ်။ဒါပေမဲ့ တစ်ခုရှိတာက ဘိုင်ယန်ကအခုပွဲပြီးရင် ချန်ပီယံလိဂ်ကစားဖို့ ရှိနေပါတယ်။ဒီရာသီ ဘိုင်ယန်ရဲ့ ရလဒ်တွေကို ကြည့်လိုက်ရင် ချန်ပီယံလိဂ်မကစားခင် တစ်ပတ်ကစားတဲ့ အမှတ်ပေးပွဲတွေမှာ နိုင်ခဲ့ရင်တောင် ဂိုးမပြတ်ပါဘူး။ ဘိုင်ယန်ဟာချန်ပီယံလိဂ်ကို ပိုပြီး အာရုံစိုက်ထားပုံရပါတယ်။ ဒါကြောင့် အော့စ်ဘတ်အိမ်ကွင်းမှာလည်း ဘိုင်ယန်ရဲ့ အနိုင်က မပြတ်သားနိုင်ပါဘူး။
ဝါဒါဘရီမင် − ဟာသာဘာလင်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဟာသာဘာလင် ၁−၁ ဝါဒါဘရီမင်
နောက်ဆုံးကစားခဲ့တဲ့ ရလဒ်တွေအရ ဝါဒါဘရီမင်တို့ အကျဘက်မှာ ရှိနေပြီးဟာသာဘာလင်တို့ အတက်ဘက်မှာ ရှိနေပါတယ်။ အခုအိမ်ကွင်းပွဲစဉ်မှာ ဝါဒါဘရီမင်တို့ ရလဒ်ဆိုးတွေကြားက ပြန်ရုန်းထွက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဟာသာဘာလင်ကလည်း သူတို့ရဲ့ အရှိန်ကို ထိန်းထားဦးမှာဖြစ်ပေမဲ့ ဝါဒါဘရီမင်ကွင်းမှာ မလွယ်လောက်ပါဘူး။ ဝါဒါဘရီမင်ကို ကြိုက်တယ်။
ဒူဆယ်ဒေါ့ဖ် − မိန့်ဇ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၃−၁ ဒူဆယ်ဒေါ့ဖ်
ဒူဆယ်ဒေါ့ဖ်က ခုနစ်ပွဲကစားပြီးချိန်မှာ တစ်ပွဲနိုင်တစ်ပွဲသရေနဲ့ ငါးပွဲရှုံးထားပါတယ်။မိန့်ဇ်ကတော့ နှစ်ပွဲနိုင်၊ လေးပွဲရှုံးပါ။ ဒါကြောင့်လည်း နှစ်သင်းစလုံး အမှတ်ပေးဇယားအောက်ခြေနား ရောက်နေတာပါ။ ဒီလိုအချိန်မှာ ဒူဆယ်ဒေါ့ဖ်တို့ အိမ်ကွင်းကစားရတဲ့အတွက် အခွင့်အရေးကို အပြည့်အဝ အသုံးချဖွယ်ရှိပါတယ်။ အိမ်ရှင်ကိုပဲ အားပေးသင့်ပါတယ်။
ယူနီယံဘာလင် − ဖရိုင်းဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ယူနီယံဘာလင် ၂−၁ ဖရိုင်းဘတ်
တန်းတက်အသင်းလေး ယူနီယံဘာလင်တို့ ရှိသမျှအားနဲ့ ရုန်းနေပေမဲ့ သူတို့အတွက်ရလဒ်ကောင်းတွေ မရလာသေးပါဘူး။ ရှုံးပွဲတွေ ဆက်နေပေမဲ့ ဂိုးပြတ်ရှုံးတာတော့နည်းပါတယ်။ ဒါကြောင့် သူတို့ရဲ့ ခံစစ်ပိုင်းက အဆင့်တစ်ခုရှိနေတာကို ပြသနေပါတယ်။ ဖရိုင်းဘတ်က အခုချိန်မှာ အကောင်းဆုံး အနေအထားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ယူနီယံဘာလင်က အိမ်ကွင်းမှာ ပိတ်ဆို့ကစားမှုကို ဖရိုင်းဘတ်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာပါ။
ဒေါ့မွန် − မွန်ချင်ဂလက်ဘတ်
စနေ၊ ည ၁၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မွန်ချင်ဂလက်ဘတ် ဝ−၂ ဒေါ့မွန်
လက်ရှိအချိန်မှာ ဒေါ့မွန်ဟာ ချန်ပီယံလိဂ် အုပ်စုကျပ်ထဲကျရောက်နေပြီး ချန်ပီယံလိဂ်နဲ့ ပြည်တွင်းပွဲစဉ်တွေကြားမှာ ဗျာများပြီး ရလဒ်တွေဆိုးနေပါတယ်။ ပြည်တွင်းအမှတ်ပေးဇယား အဆင့် (၈) တောင် ရောက်နေပါတယ်။ မွန်ချင်လည်း ယူရိုပါလိဂ် ကစားနေရပေမဲ့ ပြည်တွင်းမှာလည်း ရလဒ်ကောင်းနေပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းပါ။ ဒီပွဲပြီးရင်လည်း ဒေါ့မွန်တို့အင်တာနဲ့ ချန်ပီယံလိဂ် ပွဲကျပ်ကစားဖို့ ရှိနေပါတယ်။ ဒါကြောင့် မွန်ချင်ကို ရွေးချင်တယ်။
ကိုလုံး − ပက်ဒါဘွန်း
တနင်္ဂနွေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ပက်ဒါဘွန်း ၃−၂ ကိုလုံး
ဒီနှစ်သင်းက တန်းတက်အသင်းတွေပါ။ ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါ ဒုတိယတန်းမှာ တွေ့ဆုံးခဲ့စဉ်တုန်းက ပက်ဒါဘွန်းက နှစ်ကျော့စလုံး အနိုင်ယူခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပက်ဒါဘွန်းက အဆင့် (၁၈)ဖြစ်နေပြီး ကိုလုံးက (၁၇) မှာပါ။ တစ်သင်းအထာ တစ်သင်းသိတဲ့ အသင်းတွေဖြစ်လို့ ဒီပွဲက ဘယ်သူမှ လျှော့ကြမှာ မဟုတ်ပါဘူး။သရေနဲ့သာ အဆုံးသတ်နိုင်ပါတယ်။
ဟော့ဖန်ဟိမ်း − ရှော်လ်ကေး
တနင်္ဂနွေ၊ ည ၁ဝး၃ဝ
နောက်ဆုံးတွေ့ဆုံမှု၊ ရှော်လ်ကေး ၂−၅ ဟော့ဖန်ဟိမ်း
နောက်ဆုံးတွေ့ဆုံမှုမှာ ဟော့ဖန်ဟိမ်းတို့ အသာရခဲ့တယ်ဆိုပေမဲ့ လက်ရှိအချိန်မှာ ရှော်လ်ကေးက ခြေပိုကောင်းနေပါတယ်။ ဒါပေမဲ့ ဟော့ဖန်ဟိမ်းက နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်ကို အနိုင်ယူထားတာကြောင့် လျှော့တွက်လို့တော့ မရပါဘူး။ ရလဒ်ဆိုးတွေကြားက ရုန်းထွက်နေပါတယ်။ အခုပွဲစဉ်မှာလည်း အိမ်ကွင်း အားကိုးနဲ့ ဟော့ဖန်ဟိမ်းတို့ အားထည့်ကစားလာနိုင်ရှိပါတယ်။ ရှော်လ်ကေးအတွက် ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲပါ။















