လာဇီယို − အတ္တလန္တာ (စနေ၊ ည ၇း၃ဝ)
နှစ်သင်းစလုံးက ဥရောပပွဲတွေပါ ယှဉ်ပြိုင်ကစားနေရတဲ့အသင်းတွေပါ။ လာဇီယိုက ယူရိုပါလိဂ်မှာဖြစ်ပြီး အတ္တလန္တာက ချန်ပီယံလိဂ်မှာဖြစ်ပါတယ်။ လာဇီယိုက ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲနှစ်မျိုးလုံးကို ရေချိန်မျှအောင် ထိန်းထားနိုင်ပေမဲ့ အတ္တလန္တာက ပြည်ပပြိုင်ပွဲတွေမှာ ကျရှုံးနေပြီး ပြည်တွင်းပြိုင်ပွဲတွေကို ပိုပြီး အာရုံထားနေပါတယ်။ အခုပွဲက ပြည်တွင်းအမှတ်ပေးပွဲဖြစ်တာကြောင့် အတ္တလန္တာကို အကြိုက်တွေ့မိတယ်။
နာပိုလီ − ဗီရိုနာ (စနေ၊ ည ၁ဝး၃ဝ)
နာပိုလီတို့ ဒီပွဲပြီးရင် ကြားရက်မှာ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် သြစတြီးယားကလပ် ဆဲလ်ဘတ်နဲ့ သွားကစားဖို့ရှိပါတယ်။ နိုင်ငံတကာပွဲတွေကြောင့်လည်း အသင်းက ကစားသမားအများစု ပွဲဆက်များနေပါတယ်။ ဗီရိုနာကတော့ အပြည့်အဝအနားရနေတဲ့ အသင်းပါ။ အလယ်အလတ်အဆင့်ရှိတဲ့အသင်းလည်း ဖြစ်ပါတယ်။ အသင်းကြီးတွေကိုတော့ ခံမကစားနိုင်ပါဘူး။ နာပိုလီ အိမ်ကွင်းဖြစ်တာကြောင့် အနိုင်ရလဒ်သေချာပေမဲ့ ဂိုးမပြတ်လောက်ဘူးထင်တယ်။
ဂျူဗင်တပ် − ဘိုလော့နာ (တနင်္ဂနွေ၊ ည ၁း၁၅)
ဂျူဗင်တပ်အတွက်တော့ ဘိုလော့နာဟာ ငယ်နိုင်အသင်းတစ်သင်း အဆင့်လောက်ပဲရှိပေတယ်။ ရာသီအစပိုင်းမှာ ဘိုလော့နာတို့ ခြေစွာသလိုရှိခဲ့ပေမဲ့ နောက်ပိုင်းတဖြည်းဖြည်းနဲ့ ခြေမှန်ပေါ်လာပါပြီ။ ဂျူဗင်တပ်ကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ဆဲပါ။ ဒီပွဲပြီးရင် ကစားရမယ့် ချန်ပီယံလိဂ်ပွဲကလည်း အိမ်ကွင်းပွဲဖြစ်နေတာကြောင့် စိတ်ပူစရာသိပ်မရှိလှပါဘူး။ ဂျူဗင်တပ်ပဲ အနိုင်ရသွားဦးမှာပါ။
ဆက်စူလို − အင်တာမီလန် (တနင်္ဂနွေ၊ ညနေ ၅းဝဝ)
ဆက်စူလိုက အသင်းငယ်လေးတွေကြားမှာသာ ခြေစွာတဲ့အသင်းပါ။ ကိုယ့်ထက်အားကြီးတဲ့အသင်းတွေနဲ့တွေ့ရင် ခံမကစားနိုင်ပါဘူး။ အင်တာမီလန်ကတော့ ဒီနှစ်ရာသီမှာ အတော်လေး ခြေစွာနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်နဲ့ စီးရီးအေပွဲစဉ်နှစ်ပွဲမှာ ရှုံးနိမ့်ထားပေမဲ့ သူတို့ရှုံးနိမ့်ထားတဲ့နှစ်သင်းက ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ပဲ ဖြစ်ပါတယ်။ ဆက်စူလိုလိုအသင်းလေးကိုတော့ အင်တာတို့ မရှုံးနိမ့်လောက်ပါဘူး။ ဒီပွဲပြီးရင် ချန်ပီယံလိဂ် ကစားရမယ်ဆိုပေမဲ့ ဆက်စူလိုကိုတော့ အနိုင်ကစားဦးမှာပါ။
ကက်ဂလီယာရီ − SPAL (တနင်္ဂနွေ၊ ည ၇း၃ဝ)
နာပိုလီနဲ့ ရိုးမားကို အနိုင်နဲ့ သရေကစားထားတဲ့ ကက်ဂလီယာရီရဲ့ ခြေစွမ်းက လျှော့တွက်လို့မရပါဘူး။ ဒီခြေစွမ်းအရ အလယ်အလတ်အသင်းတွေကို ကောင်းကောင်း ဖိအားပေးကစားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။SPAL က ခြေစွမ်းတည်ငြိမ်တဲ့အသင်း မဟုတ်ပါဘူး။တစ်ခါတစ်ခါ မထင်မှတ်လောက်အောင် ကောင်းပြီး တစ်ခါတစ်ခါကျ အသင်းက ဘယ်လိုမှသုံးစားမရအောင် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အခုပွဲစဉ်မှာ အိမ်ရှင်ဖြစ်တဲ့ ကက်ဂလီယာရီဘက်ကပဲ ရပ်တည်ချင်ပါတယ်။
ဆမ်ဒိုးရီးယား − ရိုးမား (တနင်္ဂနွေ၊ ည ၇း၃ဝ)
ပြီးခဲ့တဲ့ ရာသီတွေတုန်းက ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲတိုင်းက အကြိတ်အနယ်ရှိခဲ့ပြီး ကြည့်ကောင်းတဲ့ ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုဒီရာသီ ဆမ်ဒိုးရီးယားရဲ့ခြေစွမ်းကြောင့် အရင်လိုကြည့်ကောင်းပါ့မလားဆိုတာ စိုးရိမ်စရာပါပဲ။ အခုဆိုရင် ဆမ်ဒိုးရီးယားဟာအမှတ်ပေးဇယားရဲ့ အောက်ခြေကို ရောက်နေတဲ့အသင်းပါ။ရိုးမားက အဆင့် (၅) နေရာကပါ။ ရိုးမားရဲ့ ခြေစွမ်းကလည်း အပြည့်အဝ ယုံကြည်ရတဲ့အနေအထားမရှိပေမဲ့ ရိုးမားကိုပဲ ရွေးချယ်ရမှာပါ။
ယူဒီးနိစ် − တိုရီနို (တနင်္ဂနွေ၊ ည ၇း၃ဝ)
နှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေက ကွာဟာချက်သိပ်မရှိလှပါဘူး ။ နှစ်သင်းစလုံးက အိမ်ကွင်းဆိုရင် ပိုပြီးအားစိုက်ကြတဲ့အနေအထားပါ။ ဒါကြောင့် အခုပွဲစဉ်မှာ အိမ်ရှင်အဖြစ်ကစားရတဲ့ယူဒီးနိစ်က အသာရမယ်လို့ ထင်စရာပါ။ ဒါပေမဲ့ တိုရီနိုအသင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေရှိနေလို့ ယူဒီးနိစ် ထင်သလောက်မလွယ်ပါဘူး။ အမှတ်ခွဲယူကြမယ့်ပွဲပါ။
ပါးမား − ဂျီနိုအာ (တနင်္ဂနွေ၊ ည ၁ဝး၃ဝ)
ပါးမားက အိမ်ကွင်းအားကိုးနဲ့ ကစားတတ်တဲ့အသင်းပါ။ ဂျီနိုအာက ကွင်းရွေးတဲ့အသင်းမဟုတ်ပေမဲ့ အခုဒီရာသီမှာတော့ အခြေအနေဆိုးနေတာ အံ့သြစရာပါပဲ။ အခုဆိုရင်အမှတ်ပေးဇယားရဲ့ အဆင့် (၁၉) နေရာမှာ ရပ်တည်နေပါတယ်။ အခုပွဲစဉ်မှာ ပါးမားကအိမ်ကွင်းအားကိုးနဲ့ အမှတ်ပြည့်ရဖို့ ကြိုးစားဖွယ်ရှိနေပေမဲ့ ရလဒ်ဆိုးတွေကြားက ရုန်းထွက်မယ့် ကွင်းမရွေး၊ အသင်းမရွေးတတ်တဲ့ ဂျီနိုအာကို အားပေးချင်တယ်။
အေစီမီလန် − လက်ချီ (တနင်္လာ၊ နံနက် ၁း၁၅)
အေစီရဲ့အနေအထားက မယုံကြည်နိုင်လောက်အောင်ဖြစ်နေပါတယ်။ ယခင်အသင်းကြီးဖြစ်တယ်ဆိုတာ ယုံတမ်းစကားလို ဖြစ်နေပါပြီ။ ရာသီစကတည်းက အေစီတို့ မတည်ငြိမ်တဲ့ခြေစွမ်းနဲ့ ဖြတ်သန်းနေပါတယ်။ လက်ချီကလည်း ထူးမခြားနားပါပဲ။ ဒါပေမဲ့ အသင်းငယ်လေးဖြစ်တဲ့အတွက် သူ့ခြေစွမ်းနဲ့ သူ့ရလဒ်က ထိုက်တန်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ အေစီတို့ အခွင့်အရေးကို အပိုင်အသုံးချသင့်ပါတယ်။ အေစီကို အပိုင်ရွေးချယ်သင့်ပါတယ်။
ဘရက်စီယာ − ဖီအိုရင်တီးနား (အင်္ဂါ၊ နံနက် ၁း၁၅)
တန်းတက်အသင်း ဘရက်စီယာကတော့ ရုန်းကန်နေရတုန်းပါပဲ။ ဒါပေမဲ့ အသင်းငယ်အချင်းချင်းဆိုရင်တော့ ဘရက်စီယာတို့ ကောင်းကောင်းကစားနိုင်ပါတယ်။ အခုတွေ့ရမှာက အလယ်အလတ်အဆင့်ရှိတဲ့ ဖီအိုရင်တီးနားပါ။ဖီအိုရင်တီးနားတို့ နောက်ပိုင်းပွဲစဉ်တွေကို ပြန်အားစိုက်လာတာ တွေ့ရပါတယ်။ ဘရက်စီယာကတော့ အိမ်ကွင်းဆိုတဲ့အရှိန်နဲ့ ဖီအိုရင်တီးနားကို ဖိအားပေးဖို့ ကြိုးစားဖွယ်ရှိပေမဲ့ မလွယ်လောက်ပါဘူး။ ဖီအိုရင်တီးနားကိုပဲ ကြိုက်တယ်။














