ယူရို ၂ဝ၂ဝ ခြေစစ်ပွဲတွေရဲ့အရှိန်က တော်တော်လေးအားကောင်းခဲ့ပါတယ်၊ အစောပိုင်းက သိပ်ပြီးမသိသာပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ဟာ ဝင်ခွင့်ရဖို့အသင်းကြီးတွေဟာ အစွမ်းကုန် အားထုတ်ကစားခဲ့ကြပါတယ်၊ ဒါကြောင့်လည်းဘယ်လ်ဂျီယံ၊ အီတလီတို့နဲ အတူ ပိုလန်၊ ရုရှား၊ ယူကရိန်းတို့ဟာ ခြေစစ်ပွဲအောင်သွားခဲ့ကြပြီဖြစ်ပါတယ်။ သီတင်းတစ်ပတ်အတွင်းမှာ ပွဲစဉ် နှစ်ပွဲကစားရပြီး အသင်းကြီးတွေနဲ့အသင်းငယ်တို့ကြားမှာ ကွာဟချက်ကြီးမားခဲ့တာကို တွေ့လိုက်ရပါတယ်။
ပွဲတိုင်းနိုင် ပထမဆုံး ခြေစစ်ပွဲအောင်တဲ့ ဘယ်လ်ဂျီယံ
ဘယ်လ်ဂျီယံနဲ့အီတလီတို့ဟာ ပထမဆုံးခြေစစ်ပွဲအောင်ခဲ့ကြတဲ့အသင်းတွေဖြစ်ခဲ့ပါတယ်၊ ဘယ်လ်ဂျီယံဟာ ရုရှား၊ စကော့တလန်၊ ဆိုက်ပရပ်စ်တို့နဲ့အတူကျခဲ့ပြီး အုပ်စုပွဲတွေပြီးဖို့ လက်ကျန် သုံးပွဲအလိုမှာပဲ ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ ခြောက်ပွဲကစားအပြီးမှာ ခြောက်ပွဲစလုံးအနိုင်ရပြီး ၁၈ မှတ်ရထားတဲ့ ဘယ်လ်ဂျီယံဟာ ပွဲစဉ် ၇ မှာ အသင်းငယ်လေး ဆမ်မာရီနိုကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရပါတယ်၊ အဲဒီပွဲနိုင်လိုက်ရင် ဘယ်လ်ဂျီယံဟာခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ဟာ လူစုံထုတ် သုံးသွားခဲ့ကာ ဆမ်မာရီနိုကို၉-ဝ နဲ့ အပြတ်အသတ် အနိုင်ကစားခဲ့ပြီး ယူရို၂ဝ၂ဝ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။ ပထမပိုင်းမှာတင် ဘယ်လ်ဂျီယံဟာ ခြောက်ဂိုးပြတ်နဲ့နိုင်နေခဲ့တာပါ၊ လူကာကူ-၊ ဟာဇတ်-၊ မာတန် တိုက်စစ်အတွဲအောက်မှာ မတူညီတဲ့ ကစားသမား ခုနစ်ဦးက ဂိုးတွေသွင်းခဲ့တာဖြစ်ပါတယ်၊ နှစ်ဂိုးသွင်းတဲ့ လူကာကူကတော့ ဘယ်ဂျီယံအတွက် ဂိုး ၅ဝ သွင်းတဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်၊ ဘယ်လ်ဂျီယံဟာ ပထမဆုံးခြေစစ်ပွဲအောင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်၊ ခုနစ်ပွဲကစား ခုနစ်ပွဲနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံဟာခြေစစ်ပွဲ အောင်ခဲ့ပေမဲ့ ပွဲစဉ် ၈ မှာ ကာဇစ်စတန်ကို ၂-ဝ နဲ့ ထပ်မံအနိုင်ခဲ့ပြန်ပါတယ်၊ အခုဆိုရင် ဘယ်လ်ဂျီယံဟာ ရှစ်ပွဲကစား ရှစ်ပွဲစလုံးနိုင် ၂၄ မှတ်၊ သွင်းဂိုး ၃ဝပေးဂိုး တစ်ဂိုးဆိုတဲ့ ထူးခြားတဲ့ တိုက်စစ်အား၊ ခံစစ်အားနဲ့ ခြေစစ်ပွဲတွေ ကစားသွားခဲ့ပါတယ်၊ လက်ကျန် နှစ်ပွဲရှိနေပေမဲ့ ဘယ်လ်ဂျီယံဟာ ယူရို၂ဝ၂ဝ ကို ဝင်ခွင့် ရသွားပြီဖြစ်ပါတယ်၊ဘယ်ဂျီယံရဲ့ အုပ်စုတွင်းက ရုရှားဟာလည်း လက်ကျန် နှစ်ပွဲရှိနေသေးပေမဲ့ယူရို ၂ဝ၂ဝ ခြေစစ် ပွဲအောင်မြင်သွားခဲ့ပါတယ်။
ပွဲစဉ် ၇ မှာ စကော့တလန်ကို အနိုင်ရပြီးတဲ့နောက် ခြေစစ်ပွဲအောင်ဖို့ တစ်မှတ်သာလိုတော့တဲ့ ရုရှားဟာ ဆိုက်ပရပ်စ်နဲ့ကစားရပြီး ထပ်မံအနိုင်ရသွားတာကြောင့် ရုရှားဟာ ဘယ်လ်ဂျီယံနဲ့ အတူခြေစစ်ပွဲအောင်သွားခဲ့တာဖြစ်ပါတယ်။ ပွဲစဉ် ၇ ဟာ ရုရှားအတွက် အလွန်အရေးကြီးတဲ့ပွဲဖြစ်ခဲ့ပြီး စကော့တလန်နဲ့ အိမ်ကွင်းမှာကစားခဲ့ရပါတယ်၊ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ မထင်မှတ်တဲ့ တိုက်စစ်အားနဲ့အတူ စကော့တလန်ကို လေးဂိုးသွင်းကာ ၄-ဝ နဲ့အနိုင်ရသွားခဲ့ပါတယ်၊ ဇူဘာ၊ ဂိုလိုဗင်၊ အောဇ်ဒိုရက် တို့ အကောင်းဆုံးခြေစွမ်းပြသွားတဲ့ပွဲဖြစ်ပါတယ်၊ စကော့တလန်ကို နိုင်ပြီးတဲ့အခါ ရုရှားဟာခြေ စစ်ပွဲအောင်ဖို့ တစ်မှတ်သာလိုပါတော့တယ်၊ ဆိုက်ပရပ်စ်ကို သရေကစားလိုက်ရင် ခြေစစ်ပွဲ အောင်မယ့်ရုရှားဟာ ဆိုက််ပရပ်စ်ကွင်းမှာ ၅-ဝ နဲ့ အနိုင်ရသွားခဲ့ပါတယ်၊ စကော့တလန်ကို ဂိုးတွေသွင်းခဲ့တဲ့ ဇူဘာ၊ ဂိုလိုဗင်၊ အောဇ်ဒိုရက်တို့ ဂိုးတွေထပ်မံသွင်းခဲ့သလို အဲဒီပွဲမှာ ပွဲထုတ်ခံရတဲ့ ချယ်ရီရှက်ဖ်က နှစ်ဂိုး သွင်းခဲ့တာဖြစ်ပါတယ်၊ ရုရှားဟာ အရေးပါတဲ့ ဒီနှစ်ပွဲမှာ ကိုးဂိုးသွင်းခဲ့ပြီး ဂိုးသွင်းခံရခြင်းမရှိခဲ့တာတွေ့ရပါတယ်၊ ရုရှားဟာ ဘယ်လ်ဂျီယံတစ်သင်းကိုပဲ ရှုံးခဲ့ပြီး ၇ ပွဲအနိုင်ရကာ ရမှတ် ၂၁ မှတ်၊ သွင်းဂိုး ၂၇ ဂိုး ပေးဂိုး ၄ ဂိုးနဲ့ ဘယ်လ်ဂျီယံနဲ့အတူ ခြေစစ်ပွဲအောင်သွားတာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံလို ပွဲတိုင်းနိုင် ခြေစစ်ပွဲအောင်တဲ့ အီတလီ
အီတလီကလည်း ဘယ်လ်ဂျီယံလိုပဲ ပွဲတိုင်းအနိုင်ရပြီး ခြေစစ်ပွဲအောင်ခဲ့တဲ့အသင်းဖြစ်ပါတယ်၊ ၂ဝ၁၈ ကမ္ဘာ့ဖလားနဲ့လွဲချော်ခဲ့တဲ့ အီတလီဟာ နည်းပြ မန်ချီနီလက်ထက်မှာ ထူးခြားတိုးတက်ပြောင်းလဲသွားတဲ့ အသင်းဖြစ်ပါတယ်၊ အုပ်စုတွင်းမှာ ဘော့စနီးယား၊ ဂရိ၊ ဖင်လန်၊ အာမေးနီးယားတို့နဲ့ အတူကျခဲ့တဲ့ အီတလီဟာ ခုနစ်ပွဲကစား ခုနစ်ပွဲနိုင် ရမှတ် ၂၁ မှတ်နဲ့ လက်ကျန် သုံးပွဲအလိုမှာ ဖိအားမရှိ ခြေစစ်ပွဲအောင်သွားခဲ့တာဖြစ်ပါတယ်၊ အရေးကြီးတဲ့ ဂရိနဲ့ပွဲမှာ အီတလီဟာ ၂-ဝ နဲ့အနိုင်ရပြီး ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပေမဲ့ ဒုတိယပိုင်းမှာ ဂျော်ဂျင်ဟို၊ ဘာနာဒက်ချီ တို့က အနိုင်ဂိုးတွေသွင်း သွားခဲ့တာဖြစ်ပါတယ်၊ မန်ချီနီဟာ ချီယေဆာ၊ ဘာရယ်လာ၊ ဘာနာဒက်ချီ၊ ဇာနီယိုလို၊ ပယ်လေဂရီနီ တို့လို လူငယ်တွေကို အားကိုးပြုပြီးအီတလီကို တည်ဆောက်ထားတာဖြစ်ပါတယ်၊ ခြေစစ်ပွဲ ခုနစ်ပွဲမှာ အီတလီဟာ ပွဲတိုင်းနိုင်ပြီး သွင်းဂိုး ၂ဝ ပေးဂိုး သုံးဂိုးနဲ့ခြေစစ်ပွဲအောင်သွားခဲ့တာဖြစ်ပါတယ်။ အီတလီရဲ့အုပ်စုမှာ အုပ်စုဒုတိယ နေရာအတွက် ဘော့စနီးယား၊ အာမေးနီးယား၊ ဖင်လန်သုံးသင်းအားပြိုင်ကြဦးမှာဖြစ်ပါတယ်။
ပေါ်တူဂီကို ကျော်ဖြတ်သွားတဲ့ ယူကရိန်း
ပေါ်တူဂီရဲ့အုပ်စုထဲက ယူကရိန်းဟာ ရော်နယ်ဒိုတို့ရဲ့ ပေါ်တူဂီကို အနိုင်ရပြီး ခြေစစ်ပွဲအောင်သွားခဲ့ပါတယ်။ ပေါ်တူဂီ၊ ယူကရိန်း၊ ဆားဘီးယား သုံးသင်းအတူကျတဲ့ ဒီအုပ်စုမှာ ရှက်ဖ်ချန်ကိုကိုင်တွယ်တဲ့ ယူကရိန်းဟာ ခြေစွမ်းတည်ငြိမ်စွာနဲ့ဖြတ်သန်းသွားခဲ့ပါတယ်။ နာမည်ကြီးပေါ်တူဂီကို အဝေးကွင်းမှာ သရေစတင်ကစားပြီး ဖြတ်သန်းလာခဲ့တဲ့ ယူကရိန်းဟာ ခုနစ်ပွဲ ကစားအပြီးမှာခြောက်ပွဲနိုင် တစ်ပွဲသရေ ရှုံးပွဲမရှိ ရမှတ် ၁၉ မှတ်နဲ့ ပေါ်တူဂီ-ဆားဘီးယားတို့ကိုကျော်ဖြတ်ကာ စောစောစီးစီး ခြေစစ်ပွဲအောင်သွားခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီဟာ ပွဲစဉ် ၁ မှာ ယူကရိန်းကို အိမ်ကွင်းမှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၇ မှာတော့ ပေါ် တူဂီဟာ ယူကရိန်းကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာသာ ပေါ်တူဂီဟာ အနိုင်ကစားနိုင်ရင် ယူကရိန်းဟာခြေစစ်ပွဲအောင်ဦးမှာမဟုတ်ပါဘူး။ ခြောက်မိနစ်မှာကတည်းက ယူကရိန်းကပေါ်တူဂီကို ဂိုးသွင်းထားပြီး ၂-ဝ နဲ့ဦးဆောင်နေတာ မိနစ် ၇ဝ အထိပဲဖြစ်ပါတယ်၊ ၇၂ မိနစ်ရောက်မှာ ရော်နယ်ဒိုပင်နယ်တီကနေဂိုးသွင်းလို့ ၂-၁ နဲ့ ယူကရိန်းနိုင်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းဟာ အိမ်ကွင်းမှာ ဆားဘီးယားကိုလည်း ဂိုးပြတ်အနိုင် ကစားခဲ့တဲ့အသင်းဖြစ်ပါတယ်။ အခုခြေစစ်ပွဲအောင်သွားပြီဖြစ်လို့ ဆားဘီးယားမှာကစားရမယ့်ပွဲဟာ ယူကရိန်းအတွက် အရေးမပါတော့ပါဘူး။ ခြေစစ်ပွဲ ခုနစ်ပွဲမှာ ယူကရိန်းဟာ သွင်းဂိုး ၁၅ ဂိုး ပေးဂိုး နှစ်ဂိုးသာ ရှိခဲ့ပါတယ်။အုပ်စု ဒုတိယနေရာအတွက် ပေါ်တူဂီနဲ့ ဆားဘီးယားတို့ အားပြိုင်ရတော့မှာဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ လက်ကျန် နှစ်ပွဲစီရှိနေပြီး လောလောဆယ်မှာ ပေါ်တူဂီက ၁၁ မှတ်၊ ဆားဘီးယားက ၁ဝ မှတ်ရ ထားပါတယ်။ လက်ကျန်ပွဲတွေမှာ ပေါ်တူဂီက ပေါ်တူဂီ-လစ်သူယေးနီးယား၊ လူဇင်ဘတ်-ပေါ်တူဂီ၊ ဆားဘီးယားက ဆားဘီးယား-လူဇင်ဘတ်၊ ဆားဘီးယား-ယူကရိန်းဖြစ်လို့ ပေါ်တူဂီဟာ အုပ်စု ဒုတိယနဲ့ ခြေစစ်ပွဲအောင်သွားဖွယ်ရှိပါတယ်။
ခံစစ်ကောင်းခဲ့တဲ့ လီဝမ်ဒေါစကီးတို့ရဲ့ပိုလန်
အုပ်စုကြပ်လှတဲ့ ပိုလန်ဟာလည်း ဘယ်လ်ဂျီယံ၊ အီတလီ၊ ယူကရိန်း၊ ရုရှားတို့နဲ့အတူ ခြေစစ်ပွဲ အောင်သွားခဲ့ပြီဖြစ်ပါတယ်။ ပိုလန်ဟာ သြစတြီးယား၊ စလိုဗေးနီးယား၊ မက်ဆီဒိုးနီးယား၊ အစ္စရေးတို့နဲ့အတူကျခဲ့တာပါ။ ခြေအရမ်းကွာဟနေတဲ့ အသင်းတွေမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုလန်ဟာ ရှစ်ပွဲကစားအပြီးမှာ ခြောက်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၁၉ မှတ်နဲ့ ခြေစစ်ပွဲအောင်သွားခဲ့ပါတယ်။ စလိုဗေးနီးယားကို အဝေးကွင်းမှာ ရှုံး၊ အိမ်ကွင်းမှာ သြစတြီးယားကို သရေကျခဲ့တဲ့ ပိုလန်ဟာ ခံစစ်ကထူးထူးခြား ခြား ကောင်းခဲ့ပြီးတိုက်စစ်က လီဝမ်ဒေါစကီးကလည်း ခြေစွမ်းပြ ဂိုးတွေသွင်းနိုင်ခဲ့လို့ အခုလို စောစောစီးစီး ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။ စလိုဗေးနီးယားနဲ့ပွဲ တစ်ပွဲမှာပဲ ပိုလန်ခံစစ်ဟာ နှစ်ဂိုးအသွင်းခံခဲ့ရပြီး ကျန်တဲ့ ခုနစ်ပွဲမှာပိုလန်ခံစစ်ဟာ ဂိုးသွင်းခံရခြင်း မရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။
ပိုလန်ဟာ ယူရို ၂ဝ၂ဝ မှာ သတိထားရမယ့်အသင်းဖြစ်နေပါလိမ့်မယ်။ အုုပ်စုဒုတိယနေရာအတွက် သြစတြီးယားနဲ့ မက်ဆီဒိုးနီးယားတို့ အားပြိုင်ရနိုင်ပြီး သြစတြီးယားခြေစစ်ပွဲအောင်သွားနိုင်ပါတယ်။နိုဝင်ဘာပွဲစဉ်မှာ အားထုတ်ကစားရမယ့် အသင်းကြီးတွေ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ ဟော်လန်၊ အဂင်္လန်၊ ပေါ်တူဂီ၊ ခရိုအေးရှားတို့ဟာ နိုဝင်ဘာ ပွဲစဉ်တွေမှာ အားထုတ်ကစားကြရဦးမှာဖြစ်ပါတယ်။ ပြင်သစ်ဟာ တူရကီနဲ့သရေကျ သွားလို့ နိုဝင်ဘာပွဲစဉ်ကို ဖြတ်သန်းဦးမှာဖြစ်ပါတယ်။ ပြင်သစ်နဲ့ တူရကီဟာ ၁၉ မှတ်စီနဲ့ ဦးဆောင်နေပေမဲ့ လက်ကျန် နှစ်ပွဲဟာအမှားခံလို့မရပါဘူး။ သတိထားကစားရမှာဖြစ်ပါတယ်။ လက်ကျန်နှစ်ပွဲကပြင်သစ်-မော်လ်ဒိုဗာ၊ အယ်လ်ဘေးနီးယား-ပြင်သစ်တို့ဖြစ်ပါတယ်။ ခရိုအေးရှားလည်း သတိထားကစားရမှာ ဖြစ်ပါတယ်။ ခရိုအေးရှားဟာ ၁၄ မှတ်နဲ့ ဦးဆောင်နေပေမဲ့ လက်ကျန်ပွဲတွေမှာ ခြေချော်သွားရင် အခက်တွေ့သွားမှာဖြစ်ပါတယ်။ ခရိုအေးရှားရဲ့ လက်ကျန်ပွဲတွေက ခရိုအေးရှား-ဆလိုဗက်ကီးယား၊ ခရိုအေးရှား-ဂျော်ဂျီယာတို့ဖြစ်လို့ တော်တော်ကစားယူရပါလိမ့်မယ်။
ဂျာမနီလည်း ရုန်းကန်ရဦးမှာဖြစ်ပါတယ်။ ဂျာမနီရဲ့ လက်ကျန်ပွဲတွေက ဂျာမနီ-ဘီလာရုစ်၊ ဂျာမနီ-မြောက်အိုင်ယာလန်ဖြစ်လို့ မြောက်အိုင်ယာလန်ပွဲဟာ တော်တော်အရေးပါနေခဲ့ပါတယ်။ နယ်သာလန်ကလည်း မြောက်အိုင်ယာလန်-နယ်သာလန်၊နယ်သာလန်-အက်စ်တိုးနီးယားပွဲတွေ ကစားရမှာဖြစ်လို့ မြောက်အိုင်ယာလန်နဲ့ပွဲဟာ နယ်သာလန်အတွက်အဆုံးအဖြတ် ဖြစ်နေပါတယ်။ပေါ်တူဂီကတော့ပေါ်တူဂီ-လစ်သူယေးနီးယား၊ လူဇင်ဘတ်-ပေါ်တူဂီဖြစ်လို့ ကျော်ဖြတ်နိုင်မှာသေချာပါတယ်။ အဂင်္လန်ဟာ ချက်ကိုရှုံးလိုက်လို့ ခြေစစ်ပွဲအောင်ဖို့ လွဲချော်သွားပါတယ်။ ဒါကြောင့် နိုဝင်ဘာပွဲတွေကို ဖြတ်သန်းရဦးမှာဖြစ်ပါတယ်၊ ၂ဝ၂ဝယူရိုခြေစစ်ပွဲမှာ ဘယ်အသင်းကြီးတွေ ရုန်းထွက်နိုင်ပြီး ဘယ်အသင်းတွေကျန်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချိန်ဖြစ်လာနေပါရဲ့။















