ဆိုင်ကယ်ကယ်ရီမောင်းသူက ကျောင်းထိုင်ဆရာတော်ကို ဓားထောက်လုယက်

ဆိုင်ကယ်ကယ်ရီမောင်းသူက ကျောင်းထိုင်ဆရာတော်ကို ဓားထောက်လုယက်

ညအချိန်၌ ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက မင်းလင်တောင်ကျောင်းထိုင်ဆရာတော်၏ လည်ပင်းကို ဓားနှင့်ထောက်ပြီး ငွေလုယက်မှု ရေနံချောင်းမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ညောင်လှရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ရက် ည၁၀နာရီဝန်းကျင်တွင် သစ်တပွေအုပ်စု၊မင်းလင်တောင်ကျောင်းဆရာတော်ဦးသုမနသည် ကျောင်းရှေ့ ကွပ်ပျစ်တွင် တစ်ပါးတည်းတရားထိုင်နေစဉ် အမျိုးသားတစ်ဦးက ပုဆိုးခြုံ၍ ရောက်လာခဲ့သည်။

ထို့နောက် ၎င်းက ဆရာတော်၏လည်ပင်းကိုဓားနှင့်ထောက်၍ ညနေကပိုက်ဆံထုတ်ပေးဟုတောင်းရာ အသံမှတ်မိသဖြင့် ထူးမောင်ရယ်မလုပ်ပါနှင့်ဟု ဆရာတော်က ပြောခဲ့ကြောင်း၊ပိုက်ဆံထပ်မံတောင်းနေသောကြောင့် ငွေတစ်သိန်းကိုထုတ်ပေးလိုက်စဉ်ကျန်သေးတယ်သတ်ပစ်မယ်ဟုပြောသဖြင့် ငွေခြောက်သိန်းနှစ်သောင်းကျပ်အား ထပ်မံထုတ်ပေးလိုက်ကြောင်း၊ ၎င်းက ဆရာတော်အားကျောင်းဆောင်အတွင်းထည့်သွင်းပြီးအပြင်မှတံခါးချက်ထိုးကာထွက်ခွာသွားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

ဆရာတော်၏ဒါယကာဖြစ်သူ ဦးညွ့န်လင်းက ထူးမောင်အား အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်တန်းသဖြင့် ရေနံချောင်းမြို့ ညောင်လှနယ်မြေရဲစခန်းက(ပ)၁၅၂/၂၀၁၉၊ရာဇသတ်ကြီး ပုဒ်မ၃၈၂/၂၉၅အရ သစ်တပွေအုပ်စုနေ ထူးမောင်၂၄နှစ်ကို အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိသည်။