တပ်မတော်သားများအနေဖြင့် ဒီမိုကရေစီအပြောင်းအလဲနှင့် နိုင်ငံရေးစနစ်ခိုင်မာရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိ နေသည့် နီပေါနိုင်ငံသမ္မတနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ H.E. Mrs. Bidya Devi Bhandari နှင့်အောက်တိုဘာ ၁၇ ရက်ညနေပိုင်းက နေပြည်တော်ရှိ M Gallery by Sofitel Hotel ၌တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာ့တပ်မတော်သည် အရေးကြီးသည့်အခန်းကဏ္ဍ၌ပါဝင်လျက်ရှိသည်ကိုတွေ့မြင်ရကြောင်း၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပြင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင်လည်း တပ်မတော်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟုမျှော်လင့်ကြောင်း နီပေါသမ္မတက ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သားများအနေဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးစနစ်ခိုင်မာစေရေးအားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်စေရန်နှင့်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများယခုထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်မည့်အခြေအနေများဆွေးနွေးခဲ့သည်။
















