စီရိုနယ်ဒိုကိုခေါ်ယူပြီးနောက်ပိုင်း ဂျူဗင်တပ်စ် အကျိုးပိုဖြစ်ထွန်းခဲ့ ဆိုရှယ်မီဒီယာ၌ စတုတ္ထပရိသတ်အများဆုံး အသင်းအဖြစ်ရပ်တည်

စီရိုနယ်ဒိုကိုခေါ်ယူပြီးနောက်ပိုင်း ဂျူဗင်တပ်စ် အကျိုးပိုဖြစ်ထွန်းခဲ့ ဆိုရှယ်မီဒီယာ၌ စတုတ္ထပရိသတ်အများဆုံး အသင်းအဖြစ်ရပ်တည်

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် ပေါ်တူဂီ တိုက်စစ်မှူး စီရိုနယ်ဒိုကို အရခေါ်ယူပြီးနောက်ပိုင်း ဂျူဗင် တပ်စ်အသင်း၏အမှတ်တံဆိပ် ပိုမိုအားကောင်းလာခဲ့ရာ ငွေကြေးပိုင်းဆိုင်ရာ အကျိုးအမြတ်များစွာရရှိခဲ့သည့်အပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ပရိသတ်အင်အား များပြားလာခဲ့ပြီး ဆိုရှယ်မီဒီယာ၌လည်း စတုတ္ထမြောက် ပရိသတ်အများဆုံးအသင်းအဖြစ် ရပ်တည်နိုင်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ဘော်လွန်းဒီအော်ဆု (၅)ကြိမ်ဆွတ်ခူးရရှိထားသော တိုက်စစ်မှူးစီရိုနယ်ဒိုအား ၂၀၁၈ ခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်၌ ယူရို ၁၀၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီသားအား ခေါ်နိုင်ခဲ့၍ အကျိုးများခဲ့ခြင်းဖြစ်သည်။

ဂေဇက်တာဒယ်လိုစပို့စ်၏ဖော်ပြချက်အရ ဂျူဗင်တပ်စ် အသင်းသည် ၂၀၁၈–၁၉ ဘောလုံးရာသီ၌ အပိုဆောင်း ဝင်ငွေ ယူရို ၅၈ သန်းရရှိခဲ့ကြောင်း သိရသည်။ ဂျူဗင်တပ်စ် သည် စီရိုနယ်ဒိုအမည်ပါ ဂျာစီရောင်းချခဲ့ရမှုမှာ ဂျာစီ ပေါင်း ၁ ဒသမ ၃ သန်းအထိရှိခဲ့သည်။ စီရိုနယ်ဒိုပြောင်း လာခဲ့ပြီးနောက် တစ်ကမ္ဘာလုံးတွင် ဂျူဗင်တပ်စ်ပရိသတ် ၃၈ သန်းတိုးပွားလာခဲ့သည်။ လက်ရှိတစ်ကမ္ဘာလုံးတွင် ဂျူဗင်တပ်စ်ပရိသတ် ၄၂၃ သန်းရှိပြီး ကမ္ဘာ့ပရိသတ် အများဆုံးအသင်းစာရင်း၌ နံပါတ်(၁၁)မှ နံပါတ်(၈)သို့ ခုန်တက်နိုင်ခဲ့သည်။

စီရိုနယ်ဒို ရောက်ရှိလာပြီးနောက်ပိုင်း ဂျူဗင်တပ်စ် ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ တွစ်တာနှင့် ယူကျု့၌ ဖော် လိုဝါတက်လာခဲ့ပြီး ၂၀၁၈ ဇွန်တွင် ၅၀ ဒသမ ၄ သန်းမှ လက်ရှိ၌ ဖော်လိုဝါ ၈၄ ဒသမ ၈ သန်းရှိလာခဲ့သည်။ ဖော်လိုဝါတိုးလာခြင်းအားဖြင့် ဂျူဗင်တပ်စ်သည် ဆိုရှယ် မီဒီယာတွင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် မန်ယူတို့ အပြီးနောက် စတုတ္ထမြောက် ပရိသတ်အင်အားထုအများ ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဂျူဗင်တပ်စ်သည် စီရိုနယ်ဒိုကို အရခေါ်ယူနိုင်ပြီးနောက်ပိုင်း အင်္ကျီစပွန်ဆာ ဂျစ်ကုမ္ပဏီနှင့် စာချုပ်သက်တမ်း အလွယ်တကူတိုးမြှင့် နိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး