ရီးရဲလ်မက်ဒရစ်အသင်းသည် အောက်တို ဘာ ၁၉ ရက်က လာလီဂါ ပွဲစဉ်(၉)အဖြစ် မာယော့ကာကွင်းတွင် သွားရောက်ကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဇီဒန်းက ၎င်းအနေဖြင့် စိုးရိမ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ရီးရဲလ်မက်ဒရစ် ပွဲထွက်လူစားရင်းတွင် ဘယ်လ်ဂျီယံကစား သမား ဟာဇက် ပါဝင်ခဲ့ခြင်း မရှိပေ။ ရီးရဲလ် မက်ဒရစ် တိုက်စစ်တွင် ဆားဘီးယား တိုက် စစ်မှူး ဂျိုဗစ် ပါဝင်လာခဲ့သော်လည်း ခြေစွမ်း မပြနိုင်ခဲ့ဘဲ လူစားလဲခြင်း ခံခဲ့ရသည်။ မာယော့ ကာအသင်းသည် ပွဲချိန်(၇)မိနစ်တွင် ဦးဆောင် ဂိုး ရရှိခဲ့ခြင်းဖြစ်ပြီး လာဂိုက သွင်းယူခဲ့သည်။
ရီးရဲလ်မက်ဒရစ် ကစားသမားတစ်ဦးဖြစ်သူ အော့ဒရီယိုဇိုလာသည် ပွဲချိန်(၇၄)မိနစ်တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရ၍ လူတစ်ယောက် လျော့ခဲ့သည်။ ရီးရဲလ်မက်ဒရစ်သည် လက်ကျန် မိနစ်များတွင် ချေပဂိုးသွင်းယူနိုင်ရန် ကြိုးစား ခဲ့သော်လည်း အရာမထင်ခဲ့ပေ။
ရီးရဲလ်မက် ဒရစ် ပထမကစားသမား ခုနစ်ဦးမှာ ဒဏ်ရာ ပြဿနာကြောင့် မာယော့ကာပွဲ လွဲချော်ခဲ့သည်။ ဒဏ်ရာရကစားသမားများ ရှိခဲ့ခြင်းက ဆင်ခြေ ပေးစရာမဟုတ်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောဆိုခဲ့သည်။
နည်းပြ ဇီဒန်းက "တော်တော်ဆိုးပါတယ်၊ ကျွန်တော်တို့ လိုချင်တဲ့ပုံစံအတိုင်း မကစား နိုင်ခဲ့ပါဘူး။ အသင်းက ပွဲစကတည်းက ကစား ပုံမကောင်းခဲ့ပါဘူး။ လက်ရှိအချိန်မှာ ပြဿနာ တက်နေတာက ပွဲဆက်ခြေမှန်တယ်ဆိုတာကို မပြနိုင်တာပါ။ ဒါကိုလည်း ကျွန်တော်တို့ မလုပ်ပြနိုင်ဘူး။ ခြေစွမ်းတိုးတက်ဖို့ လိုအပ် နေပါတယ်။ ရှုံးပွဲ ကြုံခဲ့ပေမယ့် ကျွန်တော် မစိုးရိမ်ပါဘူး။ ကစားသမားတွေကို အမြဲ ပြော ဖြစ်တာက သူတို့ ဆုဖလားတွေလိုချင်ရင် ပွဲ ဆက်ခြေမှန် ပြရမယ်ဆိုတာပါ။ ဒဏ်ရာရ ကစားသမားတွေ ရှိနေလို့ဆိုပြီး ဆင်ခြေပေးလို့ မရပါဘူး"ဟု ပြောဆိုခဲ့သည်။
ရီးရဲလ်မက်ဒရစ်နောက်ခံလူ မာဆယ်လိုက လာလီဂါပြိုင်ပွဲမှာ အမြဲတမ်း ခက်ခဲကြောင်း၊ လာမည့်ပွဲများတွင် ခြေစွမ်းပြကစားနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။















