ကျောက်မဲမြို့၊ခိုမုန်းကျေးရွာအုပ်စု၊မွေတော်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် DENKO ဆီဆိုင်အိမ်သာအတွင်း မိုင်းထောင်ထားသည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းသူကို ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းနှင့်အတူ ယနေ့ အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဆီဆိုင်မန်နေဂျာဦးအောင်ကိုကိုသက် ထံသို့ ဆီဆိုင်အိမ်သာတွင်း မိုင်းထောင်ထားကြောင်း ခြိမ်းခြောက်စာတစ်စောင်ရောက်ရှိခဲ့သည်။
အဆိုပါစာအတွင်း ''သေချာဖတ်နော် ဆီဆိုင်အိမ်သာထဲမှာ မိုင်းထောင်ထားတယ်။ တို့အဖွဲ့အရေးပေါ် ငွေလိုနေလို့ ငွေကျပ်ဆယ်သိန်းကို wave money နဲ့ ဖုန်းနံပါတ် 09774171560 ကို Password 000000 နဲ့လွှဲပေး''ဟု စေခိုင်းထားသည့် လက်ရေးဖြင့်ရေးသားထားသော စာတစ်စောင်ကို ရရှိခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့မရဲစခန်းမှူး ဒုရဲမှူးဟန်ဝင်းလှိုင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆီဆိုင်အိမ်သာအတွင်း အိမ်သာခွက်ဘေး၌ လက်ကိုင်ကီးပတ်ဖုန်းနှင့် ဘက်ထရီကိုမီးတိတ်အမဲဖြင့်ပတ်ထားသည့် မိုင်းအတုကို တွေ့ရှိခဲ့သည်။
အဆိုပါ ခြိမ်းခြောက်ငွေတောင်းသူထံသို့ ငွေကျပ် ၁၀ သိန်းကို wave money ဖြင့်လွှဲပေးခဲ့ရပြီးနောက် သက်ဆိုင်ရာ၏ စုံစမ်းဖော်ထုတ်ချက်အရ ငွေလွှဲထုတ်ယူသည့်နေရာမှာ ကျောက်မဲမြို့၈ရပ်ကွက်နယ်မြေ ၆ တွင်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ငွေထုတ်ယူသူကို စုံစမ်းချက်အရ ကျောက်မဲမြို့ ၈ရပ်ကွက်၊ နယ်မြေ ၆တွင် အိမ်ငှားနေထိုင်သူ စောအေးမြင့်ဆန်း(ခ)စောချစ်ဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီး ငွေတောင်းခံသည့် လက်ကိုင်ဖုန်းအပါအဝင် အခြားသက်သေခံပစ္စည်းများနှင့်အတူ ၎င်းကို ဖမ်းဆီးရမိခဲ့သည်။
၎င်းကို စစ်ဆေးချက်အရ လွန်ခဲ့သော ၄ နှစ်ခန့်က တရုတ်နိုင်ငံတွင်အလုပ်လုပ်ရာမှ သားငယ်(ခ)တရုတ်ကြီး(စိစစ်ဆဲ)နှင့် ရင်းနှီးခဲ့ကာ အိမ်ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်ခန့်က မြဝတီမှ ပြန်လာခဲ့ပြီးနောက် သီပေါမြို့ ဘော်ကြိုဘုရားပွဲသို့ သွားရောက်စဉ် သားငယ်(ခ)ပြောင်ကြီးနှင့်တွေ့ဆုံခဲ့ကြောင်း သက်ဆိုင်ရာထံထွက်ဆိုခဲ့သည်။
အခင်းမဖြစ်မီ ၃ရက်ခန့်က သားငယ်(ခ)ပြောင်ကြီးက ခိုမုန်းကျေးရွာသို့ ဖုန်းဆက်ခေါ်သဖြင့် သွားရောက်ခဲ့ပြီး သားငယ်(ခ)ပြောင်ကြီး ပါသုံးဦးက ၎င်းကိုထိုးကြိတ်ခဲ့ကာ ငွေကျပ် ၁၃ သိန်းတောင်းသဖြင့် ပေးခဲ့ရကြောင်း ထွက်ဆိုသည်။
အောက်တိုဘာ ၂၀ ရက် ညနေပိုင်းတွင် သားငယ်(ခ)ပြောင်ကြီးပါသုံးဦးက ၎င်းကို စာရေးခိုင်းပြီး မိုင်းအတုပြုလုပ်စေခဲ့ကြောင်း၊ စက်သုံးဆီဆိုင် အိမ်သာအတွင်း နံနက် ၄ နာရီတွင် တပ်ဆင်ခဲ့ပြီး ခြိမ်းခြောက်စာကို ၎င်းကိုယ်တိုင် မန်နေဂျာထံ သွားရောက်ပေးခိုင်းခဲ့ကြောင်း၊ ငွေလွှဲကို အနီးရှိ ကုန်စုံဆိုင်တွင်ထုတ်ယူခဲ့ပြီး ကျပ်တစ်သိန်းကို ဈေးဝယ်သုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ကျောက်မဲမြို့မရဲစခန်းက(ပ)၁၅၆/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ အရ အမှုဖွင့် အရေးယူထားသည်။

















