မန်ယူအသင်းသည် အောက်တိုဘာ ၂၀ ရက်က ပရီးမီးယားလိဂ် ပွဲစဉ်(၉)အဖြစ် အိမ် ကွင်းတွင် လီဗာပူးအား လက်ခံကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့သည်။
မန်ယူနည်းပြ ဆိုးလ်ရှားသည် ခံစစ်ကစားသမားသုံးဦးထား ရှိကာ ၃-၄–၁–၂ ကစား ကွက်ဖြင့် လီဗာပူး အား ရင်ဆိုင်ခဲ့သည်။ လီဗာပူးတိုက်စစ်တွင် ကြံ့ခိုင်မှုမပြည့်ဝသော ဆာလက်ချ် မပါဝင် ခဲ့ဘဲ ဖာမီနို၊ အိုရီဂီနှင့် မာနေးတို့ ဦးဆောင် ခဲ့သည်။
မန်ယူသည် တစ်ပွဲလုံးတွင် ဘောလုံး ပိုင်ဆိုင်မှု အသာစီးမရခဲ့သော်လည်း အိမ် ကွင်းပရိသတ်ရှေ့မှောက် အချိတ်အဆက်မိမိ ကစားနိုင်ခဲ့သည်။ ပွဲချိန် ပထမပိုင်းအတွင်း အငြင်းပွားဖွယ်ရာဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပြီး ဗွီဒီယို အကူဒိုင်လူကြီးစနစ်မှာ မေးခွန်းထုတ် ချင်စရာ ဖြစ်ခဲ့ရသည်။
မန်ယူအသင်းအတွက် ရက်ဖို့ဒ်က ပွဲချိန် ၃၇ မိနစ်တွင် ဂိုးသွင်းပေးခဲ့သည်။ ရက်ဖို့ဒ် ဂိုးသွင်းရန် ဘောလုံးတည်ဆောက်ရာတွင် လင်ဒီလော့ဖ်က အိုရီဂီအား ကစားပုံကြမ်းခဲ့ သော်လည်း ပြစ်ဒဏ်ဘော မသတ်မှတ်ပေးခဲ့ ပေ။
ယင်းဖြစ်ရပ်ပြီးနောက် လီဗာပူးသည် ၄၁ မိနစ်တွင် ဂိုးရခဲ့သော်လည်း မာနေးမှာ ဘောလုံးလက်ဖြင့် ထိသည်ဟုဆိုကာ ဂိုးအဖြစ် မသတ်မှတ်ခဲ့ပေ။ မာနေး၏ဂိုးကိုလည်း ဗီဒီယို အကူဒိုင်လူကြီးစနစ်ကြည့်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မန်ယူသည် ၈၅ မိနစ်တွင် လယ်လာ နာ၏ဂိုးကို ခွင့်ပြုခဲ့ရ၍ တစ်ဂိုးစီ သရေကျ ခဲ့သည်။
လီဗာပူးပွဲတွင် ကစားသမားများ၏ စွမ်း ဆောင်ရည်ကို ကျေနပ်မိကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက ပြောဆိုခဲ့သည်။
ဆိုးလ်ရှားက "ကစားသမားတွေရဲ့ ခြေစွမ်းက နှစ်လိုဖွယ် ကောင်းတယ်၊ အားကြိုးမာန်တက် ကစားခဲ့ တယ်။ တိုက်စစ် ကစားပုံလည်း သွက်တယ်။ ရလဒ်ကောင်းဖို့က အမြဲတမ်း အရေးကြီးပါ တယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေ ယုံကြည်မှုပိုရတယ်။ နိုင်လိုက်ရင် ပိုကောင်း မှာပါ။ ဒါပေမဲ့ သရေကျခဲ့တာကလည်း မှန်ကန် တဲ့အရွေ့ပါ။ နယူးကာဆယ်ကို ရှုံးပြီးတော့ ဒီနေ့ တုံ့ပြန်ပုံကောင်းတယ်။ လူပြန်စုံလာရင် ပိုကောင်းလာမှာပါ"ဟု ပြောဆိုခဲ့သည်။















