ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲအခမ်းအနားသို့တက်ရောက်ရန် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ Akasaka Palace ၌ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယင်းတွေ့ဆုံပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတစ်ရပ်
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် Meiji Kinenkan ၌ ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်းကျင်အပေါ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုပြုလုပ်လျက်ရှိသော ဂျပန်ကုမ္ပဏီများ၏အမြင်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသော ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများ ဲနအမသ မှ မန်နေ ဂျင်းဒါရိုက်တာတို့က မြန်မာ-ဂျပန် နှစ်နိုင်ငံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့သည်။
တတိယမြောက်
ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ တရားဝင်သွားရောက်သော တတိယ မြောက်ခရီးစဉ်ဖြစ်သည်။
















