အမျိုးသမီးနှစ်ဦးထံမှအိတ်ကို ဆိုင်ကယ်ဖြင့်လုယက်သူနှစ်ဦးအား ပြည်သူက ဖမ်းမိ

အမျိုးသမီးနှစ်ဦးထံမှအိတ်ကို ဆိုင်ကယ်ဖြင့်လုယက်သူနှစ်ဦးအား ပြည်သူက ဖမ်းမိ

ခင်ဦးမြို့နယ်တွင် ဆိုင်ကယ်စီးသူ အမျိုးသမီးနှစ်ဦးထံမှ ငွေနှင့် ရွှေထည်ပစ္စည်းပါ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးခဲ့သူနှစ်ဦးအား ပြည်သူများက အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၊မြနန္ဒာရပ်ကွက်နေ ဒေါ်တင်မာလေးနှင့်ဒေါ်ခင်အေးဝင်းတို့နှစ်ဦးသည် ရေဦးမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ကံသစ်တံတားအကျော်၌ နောက်မှဆိုင်ကယ်ဖြင့်လိုက်လာသော အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ကိုကျော်တက်မောင်းနှင်စဉ် ဒေါ်တင်မာလေး ကိုင်ဆောင်ထားသော ပိုက်ဆံအိတ်ကို ဆွဲယူထွက်ပြေးမောင်းနှင်သွားခဲ့သည်။

ဒေါ်တင်မာလေးနှင့် ဒေါ်ခင်အေးဝင်းတို့နှစ်ဦးက ဆိုင်ကယ်ဖြင့် လုယက်သူတို့၏ဆိုင်ကယ်နောက်မှ ကပ်လိုက်ပြီး “ကယ်ကြပါဦးရှင့်၊ ကျွန်မပိုက်ဆံအိတ်ကို ရှေ့ကဆိုင်ကယ်နဲ့ လူနှစ်ယောက်က လုယူသွားလို့ ဖမ်းပေးကြပါဦး၊ ကူညီကြပါဦး” ဟု အကြိမ်ကြိမ် အော်ဟစ် အကူအညီတောင်းခံခဲ့သည်။

ထိုသို့အကူအညီတောင်းစဉ် သာဂရ၊ မြို့သစ်ကျေးရွာနေ ပြည်သူများ၏ကူညီမှုကြောင့် ၎င်းပိုက်ဆံအိတ်လုယူသွားသော လူငယ်နှစ်ဦးကို သာဂရကျေးရွာအနီးတွင် ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသူနှစ်ဦးမှာ ခင်ဦးမြို့ ငှက်ပျောရွာနေ ကျော်သူဝင်း(၂၅ နှစ်) နှင့် ဆန်းလင်းကို (၁၆ နှစ်)ဖြစ်ပြီး ၎င်းတို့ နှစ်ဦးကို ခင်ဦးမြို့မရဲစခန်းသို့ အပ်နှံခဲ့သည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးရမိစဉ် သိမ်းဆည်းခဲ့သည့် နံပါတ်မပါ CZI SUMBO 125 အပြာရောင်ဆိုင်ကယ်နှင့် လုယူသွား သည့်နီညိုရောင်ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူတစ်ထောင်ကျပ်တန် (၈၆) ရွက်နှင့် တစ်မတ်သားခန့်ရှိ ရွှေလက်ကောက်နှစ်ကွင်း၊ ငါးမူးသားခန့်ရှိ MC အမျိုးအစား ရွှေဆွဲကြိုးတစ်ကုံး၊ HUAWEI အမျိုးအစား အဖြူရောင်ဖုန်းတစ်လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၀၈၆၀ဝ၀) နှင့် ဒေါ်တင်မာလေး အမည်ပါ နိုင်ငံသားမှတ်ပုံတင်ကတ် တစ်ကတ်၊ e-pension card တစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ခင်ဦးမြို့မရဲစခန်းက (ပ) ၅၅၂/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၂ အရ အမှုဖွင့်အရေးယူထားသည်။