ငှားရမ်းထားသည့် စက်ချိန်းကြိုးပြန်တောင်းသည့်ကိစ္စ မကျေနပ်သဖြင့် လင်မယားနှစ်ဦး ဓားဖြင့်အခုတ်ခံရပြီး ဇနီးသည်သေဆုံးခဲ့မှု ကျွန်းစုမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ယနေ့အောက်တိုဘာ ၂၂ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဝန်တောင်ကျေးရွာနေ မခင်အေး(ခ) အိုက်ရှာဘီ(၃၆)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးနီနီ(၄၁)နှစ်နှင့်အတူ ရေတွင်းတောင်ကျေးရွာ ချောင်းဝအနီး ငါးဖမ်းအလုပ်စခန်း၌ ရှိနေစဉ် တစ်ရွာတည်းနေ အောင်သန်း (ခ)ဝင်းဘိုနှင့် ၎င်း၏သား မင်းသူတို့ ရောက်ရှိလာခဲ့သည်။
လွန်ခဲ့သော တစ်လခန့်က ၎င်းတို့သားအဖ ငှားရမ်းထားသော စက်ချိန်းကြိုးကို ချိန်းကြိုးပိုင်ရှင်လင်မယားနှစ်ဦးက ပြန်တောင်းသည့်ကိစ္စနှင့် ပတ်သက်၍ မကျေနပ်သဖြင့် အရှည် နှစ်ပေခန့်ဓားဖြင့် လိုက်လံခုတ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့သားအဖက ဓားဖြင့် လိုက်လံခုတ်ခဲ့ခြင်းကြောင့် မခင်အေး(ခ) အိုက်ရှာဘီတွင် လည်ပင်း/နောက်စေ့/ဝဲလက်ပြင် ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဦးနီနီတွင် ဝဲခြေဖနောင့် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့သည်။
သေဆုံးသူနှင့်ဒဏ်ရာရရှိသူတို့ကို ကျွန်းစုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အောင်သန်း(ခ)ဝင်းဘို(၅၁)နှစ်နှင့် ၎င်း၏သား မင်းသူ(၂၃)နှစ်တို့ နှစ်ဦးကို ရှော်တောမော်နယ်မြေရဲစခန်းက (ပ)၇/ ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။
















