အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ခရီးသည်၏လက်ကိုင်အိတ်ကို ယူဆောင်မောင်းနှင်ထွက်ပြေးသူ အငှားယာဉ်မောင်းကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် ဖမ်းဆီးအရေးယူခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ်နေ ကိုကျော်ဖြိုးဝေကအောက်တိုဘာ၂၂ရက်နံနက်အစောပိုင်းတွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ကိုကျော်ဖြိုးဝေသည် အောက်တိုဘာ ၂၀ ရက် နံနက် ၂ နာရီခွဲခန့်တွင် မိခင်ဖြစ်သူနှင့်အတူ မီးရထားဖြင့် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိခဲ့သည်။ ရခိုင်ပြည်နယ်သို့ သွားရန် AD ဗင် အငှားယာဉ်ကို အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ငှားရမ်းကာ သွားရောက်ခဲ့သည်။
ကိုကျော်ဖြိုးဝေကအငှားယာဉ်မောင်းဘေးထိုင်ခုံတွင် ထိုင်ခဲ့ပြီး I Phone 7+ အမျိုးအစားအနက်ရောင်ကို ယာဉ်ရှေ့ ခန်းတွင် အားသွင်းခဲ့သည်။နံနက် ၄ နာရီတွင် အဝေးပြေးဝင်းသို့ ရောက်ရှိကာ စစ်တွေလမ်းရှိ ကားဂိတ်တွင် လက်မှတ်သွားဝယ်ရာ မရသဖြင့် ပုဂံလမ်းရှိ ကားဂိတ်၌ လက်မှတ်ဝယ်ရန် သွားရောက်ခဲ့သည်။
ထိုသို့သွားရောက်စဉ် မိခင်ကို အငှားယာဉ်ပေါ်တွင် ပစ္စည်းများနှင့်အတူ အစောင့်ထားခဲ့ပြီး ခရီးစဉ် လက်မှတ်ရရှိသဖြင့် အငှားယာဉ်ရှိရာသို့ ပိုက်ဆံယူရန်သွားရောက်ခဲ့သည်။
ထိုသို့သွားရောက်စဉ်မိခင်ကို စစ်တွေလမ်းထိပ်တွင် တွေ့ရပြီး ကားပေါ်မှာဘာလို့ မစောင့်တာလဲဟုမေးမြန်းရာ အငှားယာဉ်မောင်းက ခင်ဗျားသားလက်မှတ်ဖြတ်တာကြာတယ် လိုက်သွားဦးဟု ပြောဆိုသဖြင့် ကားပေါ်မှ ဆင်းစဉ် ယာဉ်မောင်းက ကားကို မောင်းနှင်ထွက်ခွာသွားခဲ့ကြောင်း မိခင်က ၎င်းကို ပြောပြခဲ့သည်။
ကိုကျော်ဖြိုးဝေက အငှားယာဉ်ကို အနီးပတ်ဝန်းကျင်၌ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့်ယာဉ်ပေါ်တွင် အားသွင်းထားသည့် လက်ကိုင်ဖုန်းကို ဆက်သွယ်ရာ စက်ပိတ်သွားခဲ့ သည်။
ယာဉ်ပေါ်တွင် ပါရှိသည့်ပစ္စည်းများအဝတ်အထည် ငွေကျပ် ၄သိန်းအပါအဝင် စုစုပေါင်းကျပ် ၁၂၄၀ဝဝဝ ဖိုးခန့်ရှိသဖြင့် အငှားယာဉ်မောင်းကို အရေးယူပေးရန် ၎င်းက သက်ဆိုင်ရာထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၁၅၅၉/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရအမှုဖွင့်စုံစမ်းခဲ့သည်။အဆိုပါ အမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဟန်ကိုဦးနှင့် အဖွဲ့က စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ဒဂုံဆိပ်ကမ်းမြို့နယ်နေ ယာဉ်မောင်း မောင်မောင်(၅၀ နှစ်)ကို အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
















