ညောင်ရွှေမြို့နယ်၊ နန်းပန်တွင် သားအဖနှစ်ဦးစကားများရာမှဖခင်ဖြစ်သူ ဓားဖြင့်ထိုးသတ်ခံရမှူ၌ကျူးလွန်သူကိုသက်ဆိုင်ရာက အောက်တိုဘာ ၂၂ ရက် တွင် ဖမ်းဆီးအရေးယူခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် ညောင်ရွှေမြို့နယ် တုံးလည် ကျေးရွာအုပ်စု တောင်ပို့ကြီးကျေးရွာရှိ ဦးထွန်းဝင်း၏နေအိမ်၌ လူသတ်မှုဖြစ်ပွား ကြောင်းသတင်းအရ နန်းပန်နယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းအောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်လှေကားတွင် ဦးဝင်း (၅၃ နှစ်)သည် ရင်ညွန့်ထိုးသွင်းဒဏ်ရာရရှိ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ၏စုံစမ်းချက်အရ သားဖြစ်သူ ဆန်းမွန်း(၃၄ နှစ်)နှင့်၎င်း၏ဖခင်ဖြစ်သူ ဦးဝင်းတို့သားအဖချင်းစကားများရန်ဖြစ်ရာမှ ဦးဝင်းက ဦးထွန်းဝင်း၏ နေအိမ်သို့ ရှောင်ထွက်လာစဉ် သားဖြစ်သူ ဆန်းမွန်းက နောက်မှလိုက်လာပြီး ၎င်း၏ဖခင်ဦးဝင်း၏ ရင်ညွှန့်ကို အရိုးအသွား ၁၄ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်မြင့်သန်း၏ ပြောပြချက်အရ သက်ဆိုင်ရာက သိရှိခဲ့သည်။
ဆန်းမွန်းသည် လွန်ခဲ့သော ခုနစ်လခန့်မှ စတင်၍ အရက်သေစာသောက်စားကာ သေဆုံးသူဖခင်နှင့် တိုင်ကြားသူ မိခင်တို့ကို အမြဲလိုလိုပြဿနာရှာတတ်သူဖြစ်ပြီး အခင်းဖြစ်နေ့တွင် ဖခင်နှင့်စကားများပြီး နောက်မှလိုက်ကာ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆန်းမွန်းကို အောက်တိုဘာ ၂၂ ရက် နံနက် ၁ နာရီ ၅ မိနစ်တွင်ဖမ်းဆီးအရေးယူခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ နန့်ပန်နယ်မြေရဲစခန်းက(ပ)၄၀/၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။

















