လူမှုရေးပဋိပက္ခများရှိခြင်းကြောင့် ဆွေမျိုးနီးစပ်တော်သူက ဓားဖြင့်ထိုး သတ်မှု သာကေတမြို့နယ်တွင်ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာက အောက်တိုဘာ ၂၂ ရက်၌ အမှုဖွင့် အရေးယူထားသည်။
အဆိုပါနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် သာကေတမြို့နယ် ၇ /အရှေ့ ရပ် ကွက်နေ ဒေါ်နီနီအေးသည် နေအိမ်၌ရှိနေစဉ် အစ်မဖြစ်သူ ဒေါ်ခင်ခင်ဦး (ခ) မာမာဦး (၅၁ နှစ်)က ၁၀ စံပြဈေးဥယျာဉ်သို့ သွားရောက်ရန်အတွက် နေအိမ်မှလမ်းလျှောက်ထွက်သွားခဲ့သည်။
ဒေါ်ခင်ခင်ဦး (ခ) မာမာဦးက ထိုသို့ထွက်သွားစဉ် ပိတောက်ရွှေဝါလမ်းနှင့် စံပယ်လမ်းထိပ်ရှိ အောင်မြင့်မြတ်လက်ဖက်ရည်ဆိုင်ရှေ့ အရောက်၌ တစ်လမ်းတည်းနေ ကိုမျိုး(ခ)မောင်မျိုး(ခ)မျိုးမျိုးဝင်း(၄၃ နှစ်)က ဆိုင်အတွင်းမှထွက်လာကာ တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ဒေါ်ခင်ခင်ဦး (ခ) မာမာဦးကို ဓားဖြင့်ထိုးခဲ့သည်။
ဒေါ်ခင်ခင်ဦး (ခ) မာမာဦးမှာ လမ်းဘေးမြောင်းအတွင်းသို့ လဲကျပြုတ်ကျစဉ် ကိုမျိုး(ခ) မောင်မျိုး(ခ) မျိုးမျိုးဝင်းက မြောင်းအတွင်းသို့ ဆင်းလိုက်လာကာ ဓားဖြင့် ဆင့်ကာဆင့်ကာထိုးပြီး ထွက်ပြေးသွားခဲ့သည်။
ဒေါ်ခင်ခင်ဦး (ခ) မာမာဦးက ပတ်ဝန်းကျင်သို့ အကူအညီတောင်းရာ ပတ်ဝန်းကျင်မှလူများရောက်လာပြီး မြောင်းပေါ်သို့ ဆွဲတင်ခဲ့ရသည်။ ၎င်းတွင် ဝဲပေါင်ထိုးသွင်းဒဏ်ရာ သုံးချက်၊ဝမ်းဗိုက်ဝဲအောက်ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့သည်။
သာကေတနယ်မြေရဲစခန်းက (ပ) ၁၁၂၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ မျိုးကို(ခ)မောင်မျိုး(ခ) မျိုးမျိုးဝင်းကို ဖမ်းဆီးခဲ့ပြီး အရိုးအသွားရှစ်လက်မခန့်ရှိ ဓားဦးချွန်ကို သိမ်းဆည်းရမိခဲ့သည်။
၄င်းကို စစ်ဆေးချက်အရ သေဆုံးသူမှာ မျိုးကို(ခ) မောင်မျိုး(ခ)မျိုးမျိုးဝင်း၏ယောက်ဖ၏ နောက်အိမ်ထောင်ဖြစ်ပြီး လူမှုရေးပဋိပက္ခများရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြုမူခဲ့ကြောင်း သက်ဆိုင်ရာထံ ထွက်ဆိုခဲ့သည်။
















