ယူရိုပါလိဂ်အနိုင်ဂိုးသွင်းခဲ့သူ ပီပီအား နည်းပြအမ်မရီချီးကျူး

ယူရိုပါလိဂ်အနိုင်ဂိုးသွင်းခဲ့သူ ပီပီအား နည်းပြအမ်မရီချီးကျူး

အာဆင်နယ်အသင်းနည်းပြ အမ်မရီက ဗစ်တိုးရီးယားဂူမာရေးစ်အား သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ယူရိုပါလိဂ်အုပ်စုပွဲတွင် အသင်း အတွက် အနိုင်ဂိုးသွင်းပေးခဲ့သော အိုင်ဗရီကို့စ် တောင်ပံတိုက်စစ်မှူး ပီပီအား ချီးကျူးစကား ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် အိမ်ကွင်းတွင် ကစားခဲ့ရသော်လည်း နောက်မှ လိုက်ကစားခဲ့ရပြီး ပွဲပြီးလုချိန်တွင် ပီပီက အလွတ်တည်ကန်ဘောမှတစ်ဆင့် အနိုင်ဂိုး သွင်းယူပေးခဲ့သည်။ အာဆင်နယ်သည် ပွဲချိန် (၈)မိနစ်တွင် ဦးဆောင်ဂိုးပေးခဲ့ရပြီး ပွဲချိန် (၃၂)မိနစ်၌ မာတင်နယ်လီက ချေပဂိုးသွင်းယူ ခဲ့သည်။ အာဆင်နယ်သည် ပွဲချိန် (၃၆)မိနစ် တွင်လည်း ဒုတိယဂိုးထပ်ပေးခဲ့ရသည်။

အာဆင်နယ်နည်းပြ အမ်မရီသည် ပွဲချိန် (၇၅)မိနစ်တွင် လာကာဇက်တီအစား ပီပီကို လူစားလဲခဲ့ခြင်း မှန်ကန်ခဲ့သည်။ ပီပီသည် ပွဲချိန် မိနစ်(၈၀)တွင် အလွတ်တည်ကန်ဘော မှတစ်ဆင့် ဒုတိယချေပဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးလုချိန်တွင်လည်း အလွတ်တည်ကန်ဘော မှပင် ဂိုးသွင်းပေးခဲ့သည်။

ပီပီသည် အာဆင် နယ်အသင်းသို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ ကြေးဖြင့်ရောက်ရှိခဲ့သူဖြစ်ပြီး ဗစ်တိုးရီးယား ပွဲမတိုင်မီ တစ်ဂိုးသာ သွင်းနိုင်ခဲ့သောကြောင့် ဝေဖန်မှုများခံခဲ့ရသူဖြစ်သည်။ သို့သော် ပီပီ သည် ဗစ်တိုးရီးယားပွဲတွင် အရှုံးမှ အနိုင်ဖြစ် အောင် ဂိုးများသွင်းယူခဲ့ခြင်း ဖြစ်သည်။

နည်းပြအမ်မရီက "အခုလိုမျိုး ခြေစွမ်းပြပြီး ဂိုးတွေသွင်းနိုင်တာက ပီပီအတွက် အရေးကြီး ပါတယ်။ သို့အတွက် ယုံကြည်မှုအားကောင်း စေမှာပါ။ ဒီနေ့ပွဲလိုမျိုး သူ ဆက်လက်ပြီး ခြေ စွမ်းပြနိုင်ဦးမှာပါ။ သူ့ရဲ့ခြေစွမ်းတိုးတက်လာ မှာပါ။ ကျွန်တော်တို့ ပီပီအတွက် ဝမ်းသာမိပါ တယ်။ သူဟာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အလွတ်တည်ကန်ဘောကနေ  ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့သူပါ"ဟု ချီးကျူးခဲ့သည်။

ပီပီသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက လူးဝစ်ဆွာရက်ဇ် ပြီးနောက် ယူရိုပါလိဂ်ပွဲတစ်ပွဲအတွင်း အလွတ် တည်ကန်ဘောမှ နှစ်ဂိုးသွင်းနိုင်သော ကစား သမားဖြစ်လာခဲ့သည်။ အာဆင်နယ်သည် ယူရိုပါလိဂ်အုပ်စု(၃)ပွဲစလုံး အနိုင်ကစားထား သည်။



ဖတ်ရှုမှုအများဆုံး