မန်ယူအသင်းသည် အောက်တိုဘာ ၂၄ ရက်က ယူရို ပါလိဂ်အုပ်စုပွဲအဖြစ် ပါတီဇန်ကွင်းတွင် သွားရောက်ကစား ခဲ့ရာ ပြင်သစ်တိုက်စစ်မှူးမာရှယ်၏ တစ်လုံးတည်းသော ဂိုးဖြင့် နိုင်ပွဲရယူပြီးနောက် အဝေးကွင်း ၂၃၂ ရက် နိုင်ပွဲ ပျောက်ဆုံးခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။
မန်ယူ အသင်းနည်းပြ ဆိုးလ်ရှားသည် ပွဲထွက်လူစာရင်းတွင် မာရှယ်၊ ဂါနာ၊ မာတာ၊ လင်ဂတ်၊ မတ်တွန်မီနေးနှင့် လူငယ်ကစားသမား ဝီလျံတို့ကို အသုံးပြုခဲ့သည်။ မန်ယူ အသင်းသည် အဝေးကွင်းတွင် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန်(၄၃)မိနစ်၌ ပင်နယ်တီရရှိခဲ့ရာ တိုက် စစ်မှူး မာရှယ်က အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့သည်။ မန်ယူသည် ပွဲချိန်ဒုတိယပိုင်းတွင် ဂိုးများ ထပ်မံသွင်းယူ နိုင်ရန် ကြိုးစားခဲ့သော်လည်း ဂိုးမရခဲ့သောကြောင့် တစ်ဂိုး ဂိုးမရှိသာ အနိုင်ရခဲ့သည်။
မန်ယူအသင်းသည် ၂၀၁၉ မတ်လ ၆ ရက်က ပီအက်စ် ဂျီကွင်းတွင် နောက်ပွဲရရှိခဲ့ပြီးနောက် အဝေးကွင်းနိုင်ပွဲ ပျောက်ဆုံးခဲ့သည်မှာ ရက်ပေါင်း ၂၀ဝ ကျော်ကြာမြင့်ခဲ့ ခြင်းဖြစ်သည်။ မန်ယူအသင်းသည် အဝေးကွင်းနိုင်ပွဲပြန် လည်ရရှိခဲ့၍ ဖိအားတစ်ရပ် လျှော့ချနိုင်ခဲ့ခြင်းဖြစ်သည်။
အဝေးကွင်းနိုင်ပွဲရရှိခဲ့သောကြောင့် မန်ယူအသင်း နည်းပြဆိုးလ်ရှားက ကျေနပ်နေသည်။
နည်းပြဆိုးလ်ရှား က"သူတို့အသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံကောင်းသလို ခံစစ်လည်း ကောင်းခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အဝေးကွင်း နိုင်ပွဲရလို့ ကျွန်တော်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ အဝေးကွင်းနိုင်ပွဲရဖို့ တကယ်လိုနေခဲ့တာ ပါ။ အခုဆိုရင် နောက်ထပ်ပေးဂိုးလည်းမရှိခဲ့ဘူး။ ဒါက အသင်းအတွက် ကောင်းပါတယ်။ တစ်ခုရှိတာကတော့ ဂိုးမပေးရပေမယ့် ဂိုးတွေအများကြီးသွင်းနိုင်ဖို့ လိုအပ်နေပါ တယ်"ဟု ပြောဆိုခဲ့သည်။
မန်ယူသည် ယခုနှစ်ယူရိုပါလိဂ် သုံးပွဲကစားခဲ့ရာ အက်စ်တာနာနှင့် ပါတီဇန်တို့ကိုအနိုင် ရပြီး အယ်လ်ခမာနှင့်သရေကျကာ အုပ်စုထိပ်၌ရပ်တည် နေသည်။ မန်ယူသည် ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)တွင် နောဝစ်ချ်နှင့်တွေ့ဆုံနေသည်။















