လက်စတာအသင်းသည် အောက်တိုဘာ ၂၅ ရက်က ဆောက်သမ်တန်ကွင်း၌ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ တိုက်စစ်အစွမ်းပြသခဲ့ပြီး ကိုးဂိုး ပြတ် အနိုင်ရရှိခဲ့သည်။
နှစ်သင်းစလုံး၌ အဓိက ကစားသမားများပါဝင်လာခဲ့ပြီး ပွဲအလှည့် အပြောင်းမှာ ပွဲချိန် (၁၂)မိနစ်တွင် ဖြစ်ပေါ် ခဲ့သည်။ ကစားပုံကြမ်းတမ်းခဲ့သော ဆောက် သမ်တန်ကစားသမား ဘားထရန့်မှာ ဗီဒီယိုအကူ ဒိုင်လူကြီးစနစ်အရ အနီကတ်ဖြင့် ပထမဆုံး ထုတ်ပယ်ခံရသော ကစားသမားဖြစ်ခဲ့သည်။ ကစားသမားတစ်ယောက်လျော့ခဲ့သော ဆောက် သမ်တန်သည် လက်စတာတိုက်စစ်ကို ခုခံ နိုင်စွမ်းလုံးဝမရှိခဲ့ဘဲ ပထမပိုင်း၌ပင် ငါးဂိုးပြတ် ရှုံးနေသည်။
လက်စတာအသင်းသည် ဒုတိယပိုင်းတွင် လည်း အသာစီးဖြင့် စိတ်ကြိုက်ကစားခဲ့ပြီး လေးဂိုး ထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ကိုးဂိုးပြတ် နိုင်ခဲ့ခြင်းဖြစ်သည်။ လက်စတာ တိုက်စစ်မှူး ဗာဒီနှင့်ပီရက်ဇ်တို့မှာ ဟက်ထရစ် ကိုယ်စီရခဲ့ပြီး ကျန်ဂိုးများကို ချီဝဲလ်၊ တီလီ မန်းစ်နှင့် မက်ဒီဆန်တို့က သွင်းယူခဲ့သည်။ အံ့အားသင့်ဖွယ်ရလဒ်ဖြင့် အနိုင်ရခဲ့သော နှစ်ပေါင်း ၁၃၁ နှစ်သက်တမ်းရှိ ဖွတ်ဘောလိဂ် သမိုင်းတွင် အင်္ဂလန်အဆင့်မြင့်တန်းပွဲတစ်ပွဲ အတွင်း အဝေးကွင်းအကြီးမားဆုံး ဂိုးပြတ် နိုင်ပွဲရ စံချိန်ပိုင်ဆိုင်လာခဲ့သည်။
လက်စတာ သည် ၁၉၉၄–၉၅ ဘောလုံးရာသီက အစ်ဆွစ်ချ် အား မန်ယူက ကိုးဂိုးပြတ်နိုင်ခဲ့သည့် စံချိန်တစ်ရပ်ကိုလည်းလိုက်မီခဲ့သည်။
အင်္ဂလန်တိုက်စစ်မှူး ဗာဒီက ကိုးဂိုးပြတ် အနိုင်ရခဲ့ခြင်းမှာ ကစားသမားများ၏စွမ်းဆောင် ရည်ကောင်းမွန်မှုကြောင့်ဖြစ်ကြောင်း ပြောဆို ခဲ့သည်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မန်ယူသည် ၁၉၉၉ ခုနှစ်တွင် နော်တင်ဟမ် ကွင်း၌ ရှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ဖူးရာ လက်စတာက ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန် ဟက်တယ်က အရှက်တကွဲရှုံးနိမ့်ခဲ့မှုအတွက် ရာခိုင်နှုန်းအပြည့်တာဝန်ယူကြောင်း၊ ပရိသတ် များအား တောင်းပန်ကြောင်း ပွဲအပြီး၌ ပြောဆိုခဲ့သည်။















