မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက နောဝစ်ချ်ကွင်း၌ ကစားရမည်မှာ အမြဲတမ်းခက်ခဲကြောင်း၊ အဝေးကွင်းတွင် နောဝစ်ချ်အား ရပ်တန့်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သတင်းထောက်များနှင့်တွေ့ဆုံခဲ့ရာ၌ ဖွင့်ဟပြောဆိုခဲ့သည်။
အဝေးကွင်း ၂၃၂ ရက် နိုင်ပွဲပျောက်ဆုံးခဲ့မှုကို ပါတီဇန် နှင့် ယူရိုပါလိဂ်ပွဲတွင် အဆုံးသတ်နိုင်ခဲ့သောမန်ယူသည် ယနေ့ည ၁၁ နာရီတွင် ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)အဖြစ် နောဝစ်ချ်ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။
နောဝစ်ချ်သည် အိမ်ကွင်းပွဲများကစားတိုင်း အားကြိုး မာန်တက်ကစားနေသည့်အသင်းဖြစ်သောကြောင့် ရလဒ် မကောင်းမည်ကို မန်ယူနည်းပြဆိုးလ်ရှားက စိုးရွံ့နေသည်။
မန်ယူနည်းပြဆိုးလ်ရှားက"နောဝစ်ချ်ရဲ့ ကာရိုးလမ်းမှာ ကစားရတိုင်း အမြဲတမ်းခက်ခဲတာဖြစ်လို့ ကျွန်တော်တို့ သူတို့ကိုရပ်တန့်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ သူတို့နဲ့ လီဗာပူးတို့ကစားတဲ့ပွဲကို ကျွန်တော်ကြည့်လိုက်ရတယ်။ နောဝစ်ချ်အသင်းက မကြောက်မရွံ့ဘဲ သတ္တိရှိပါတယ်။ သူတို့အသင်းဟာ ရလဒ်ကောင်းအချို့လည်း ပိုင်ဆိုင်ထား တယ်။ နယူးကာဆယ်ကို နိုင်ခဲ့တယ်။ ဒါ့အပြင် နောဝစ်ချ် ဟာ မန်စီးတီးကိုလည်း အနိုင်ရထားတယ်"ဟု ပွဲမတိုင်မီ ပြောဆိုခဲ့သည်။
နောဝစ်ချ်အသင်းနည်းပြ ဖာကီက ယခုနှစ်ဘောလုံး ရာသီတွင် ရလဒ်များမတည်မငြိမ်ဖြစ်နေသော်လည်း မန်ယူ အသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းများထဲတွင် တစ် သင်းအပါအဝင်ဖြစ်နေကြောင်း ၎င်း၏ အမြင်အတိုင်း ပြောဆိုခဲ့သည်။
ဖာကီက "ကမ္ဘာ့အကောင်းဆုံးအသင်း တွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်နေတဲ့ မန်ယူနဲ့ကစား ရမှာက နောဝစ်ချ်အသင်းအတွက် ကျေနပ်စရာကောင်းပါ တယ်။ ကျွန်တော်တို့ မန်ယူကို လေးစားမှုအပြည့်ရှိတယ်။ ဒီပွဲက အကြီးမားဆုံးအစမ်းသပ်ခံရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်"ဟု ပြောဆိုခဲ့သည်။
မန်ယူသည် နောဝစ်ချ်ကွင်းတွင် နောက်ဆုံးနှစ်ပွဲ သွားရောက်ကစားခဲ့ရာ နှစ်ပွဲစလုံး တစ်ဂိုး ဂိုးမရှိဖြင့်အနိုင် ရခဲ့သည်။















