ထန်းတပင်မြို့နယ်တွင် အဘွားဖြစ်သူ၏ နောက်ယောကျာ်းက အသက် ၁၃ နှစ်အရွယ် မြေးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့မှုကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် ဖမ်းဆီးအရေးယူထား သည်။
အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် ထန်းတပင်မြို့နယ် ရွာလေးကုန်းကျေးရွာနေ အဘွားဖြစ်သူဒေါ်----နှင့် ၄င်း၏ဒုတိယခင်ပွန်းဖြစ်သူ သက်နိုင်ဝင်းတို့သည် အလှူခံ အဖွဲ့အား မုန့်ဟင်းခါးကြွေးသည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ခဲ့ကြသည်။
ထို့နောက် နံနက် ၁၁နာရီခွဲခန့်တွင် အဘွားဒေါ်-----၏ ပထမအိမ်ထောင်နှင့်ရသော သမီးဖြစ်သူမ-----နှင့် သက်နိုင်ဝင်းတို့ ထပ်မံစကားများ ရန်ဖြစ်ကြစဉ် အပြန်အလှန်ဆဲဆိုခဲ့ကြသည်။
ထိုသို့ဖြစ်စဉ် သက်နိုင်ဝင်းက မ-----ကို "နင့်သမီး ကို ငါ-- ပြီးပြီ၊ ထမင်းဝအောင် စားထား၊ ထပ်--ဦးမယ်"ဟုဆိုကာ သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီးကြောင်း ပြောခဲ့သဖြင့် အဘွားဖြစ်သူဒေါ်----နှင့် သမီးဖြစ်သူမ----တို့က အသက် ၁၃ နှစ်အရွယ်သမီးကို မေးမြန်းခဲ့သည်။
ယင်းကဲ့သို့မေးမြန်းခဲ့ရာ လွန်ခဲ့သော ၁၅ ရက်ခန့်က သက်နိုင်ဝင်းနှင့် ၁၃ နှစ်သမီးတို့ နှစ်ဦးမှာ ကျောက်ကြီး မြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာသို့ ငါးရှာသွားခဲ့ကြောင်း၊ သက်နိုင်ဝင်းက အနီးရှိ ဇရပ်ပေါ်သို့ ခေါ်သွားပြီး တစ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ မကြာခဏ အဓမ္မပြုကျင့်ခဲ့ကြောင်းနှင့် အောက်တိုဘာ ၂၅ ရက်ညပိုင်းတွင်လည်း နောက်ဆုံးအကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့ရသည်။
အရွယ်မရောက်သေးသည့် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ သက်နိုင်ဝင်းကို အရေးယူပေးရန် အောက်တိုဘာ ၂၇ ရက်တွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ဇရပ်ကြီးနယ်မြေရဲစခန်းက(ပ) ၁၃၈/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် သက်နိုင်ဝင်းကို ဖမ်းဆီးအရေးယူခဲ့သည်။

















