ပေါင်မြိုနယ့်၊ မုတ္တမကျွဲခြံကျေးရွာရှိ ဘုရားပွဲခင်းအတွင်း စတိတ်ရှိုးဇာတ်စင်အနီး လူသတ်မှုကျူးလွန်ခဲ့သူကို သက်ဆိုင်ရာက အောက်တိုဘာ ၂၇ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ၂၆ရက် ည၁၁နာရီခွဲခန့်တွင် မွန်ပြည်နယ်ပေါင်မြို့နယ် မုတ္တမကျွဲခြံ ကျေးရွာရှိ ကျိုက်ပိကျိုက်ပွန်ဘုရားပွဲ၌ အားမာန်သစ်ဇာတ်ပွဲစင်ဘေး ကခုန်နေသူချင်းရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ မုတ္တမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ဇာတ်စင်အနီး အရှေ့ဝဲဘက်ခြမ်းတွင် ဇာတ်ပွဲ စတိတ်ရှိုးဖျော်ဖြေနေချိန် ဇတ်စင်အနောက်ဘက်ခြမ်းအနီး၌ ကျွဲခြံကျေးရွာနေ အောင်ရဲထွန်း(၁၉)နှစ်မှာ ရင်ညွန့်ထိုးသွင်း ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့သည်။
ဒဏ်ရာရရှိသူကိုပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးသွားခဲ့သည်။ မုတ္တမနယ်မြေရဲစခန်းက(ပ)၁၁၄၅/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုဖွင့်ကာ စုံစမ်းခဲ့သည်။
စုံစမ်းချက်များအရ ပြစ်မှုကျူးလွန်သူမှာ ကျွဲခြံကျေးရွာကျောက်မိုင်းဝန်ထမ်း မင်းခန့်စည်သူ(၁၇)နှစ်ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းကိုရဲတပ်ဖွဲ့ကအောက်တိုဘာ၂၇ရက် နံနက်၁နာရီကျော်ခန့်တွင် အခင်းဖြစ်ဇာတ်စင်မှပေ (၂၀ဝ)ခန့်အကွာပွဲခင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။အခင်းဖြစ်ပွားစဉ် ၎င်းအသုံးပြုခဲ့သည့် သက်သေခံစတီးခေါက်ဓားကိုပါ သိမ်းဆည်းရမိခဲ့သည်။
အမှုနှင့်ပတ်သက်၍၎င်းကိုစုံစမ်းချက်များအရ ကျွဲခြံကျေးရွာရှိကျိုက်ပိကျိုက်ပွန်ဘုရားပွဲသို့ ညဘက်ရောက်ရှိခဲ့ကြောင်း၊ည၉နာရီခွဲအချိန်ဇာတ်ပွဲရုံထဲရောက်ရှိကာဇာတ်စင်အနီးမှဇာတ်ပွဲကြည့်နေစဉ် စတိတ်ရှိုးဆိုချိန်၌ လူငယ်သဘာဝကခုန်ခဲ့သည်ဟု ထွက်ဆိုသည်။
ထိုသို့ကခုန်စဉ် လူငယ်တစ်ဦးနှင့်ပခုံးချင်းတိုက်မိရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း၊ထိုသူက၎င်းကိုစတင်ကာ လက်သီးနှင့်ထိုးခဲ့သဖြင့်၎င်းကအိတ်ထဲအသင့်ပါလာသောစတီးခေါက်ဓားနှင့်ရင်ညွန့်ကိုထိုးခဲ့ပြီးဇာတ်ရုံအပြင်ဘက်ပွဲခင်းထဲရှိနေစဉ်ရဲတပ်ဖွဲ့ဝင်တို့၏ဖမ်းဆီးခြင်းခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
















