ပထွေးဖြစ်သူအပါအဝင် လူသုံးဦးက ၁၄ နှစ်မိန်းကလေးကို အဓမ္မပြုကျင့်

ပထွေးဖြစ်သူအပါအဝင် လူသုံးဦးက ၁၄ နှစ်မိန်းကလေးကို အဓမ္မပြုကျင့်

ပေါင်မြို့နယ်တွင် ပထွေးဖြစ်သူအပါအဝင် လူသုံးဦးက ၁၄ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်မှုအား သက်ဆိုင်ရာက အောက်တိုဘာ ၂၇ ရက်တွင် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၂ ရက်တွင် ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာနေ ကိုထွန်းသိန်းက လယ်တဲ တွင်ရှိနေစဉ် ထန်းပင်ချောင်ကြီးကျေးရွာ လယ်ကွင်းထဲနေသူ အသက် ၁၄ နှစ်အရွယ်မိန်းကလေးငယ်ရောက်လာခဲ့သည်။

မိန်းကလေးငယ်ရောက်လာစဉ် ပုံသဏ္ဍာန်မမှန်သဖြင့် နေမကောင်းဘူးလားဟု ကိုထွန်းသိန်းက မေးမြန်းရာ ၄င်းက နေမကောင်းတာ မဟုတ်ကြောင်းနှင့် ၄င်းကို ပထွေးဖြစ်သူ အပါအဝင် လူသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြ သိရသဖြင့် အောက်တိုဘာ ၂၇ ရက်တွင် သက်ဆိုင်ရာသို့ အပ်နှံတိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးငယ်ကို သက်ဆိုင်ရာ၏ စုံစမ်းချက်များအရ ယခုနှစ် (ရက်လမမှတ်မိ)တွင် လယ်ကွင်းထဲ နွားကျောင်းနေစဉ် တစ်ရွာတည်းနေ စိုးလေး (၃၁ နှစ်)က တစ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း လယ်စောင့်တဲ တစ်လုံးတွင် စိုးလေးက ဒုတိယအကြိမ် ထပ်မံပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ပြင် အဆိုပါလအတွင်း မိခင်ဖြစ်သူနှင့်အတူ လယ်တဲတွင်အိပ်နေစဉ် ထန်းပင်ချောင်ကြီးကျေးရွာနေသူ စိန်သောင်း (၅၁ နှစ်)ကလည်း တစ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်။

ထို့အတူ ပထွေးဖြစ်သူ ခင်မောင်အေး(ခ)ငပု (၄၁ နှစ်)က လယ်ထဲတွင် ငါးကန်ဖော်ရန်ဟုပြောဆို ခေါ်သွားပြီး တစ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပေါင်မြို့မ ရဲစခန်းက(ပ) ၂၆၇၇/ ၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၆၃အရ အသီးသီး အမှုဖွင့်အရေးယူထားသည်။