ညောင်လေးပင်မြို့နယ်တွင် လူသေအရိုးစုတွေ့ရှိမှုကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးလျက်ရှိသည်။
အဆိုပါနေ့ ည၈နာရီခန့်က ညောင်လေးပင်မြို့နယ် ကျဘမ်းကျေးရွာအုပ်စု၊ အုပ္ပလင်ကျေးရွာ အနောက်တောင်ဘက်ရှိရိုးအတွင်း၌ လူသေအရိုးစုတွေ့ရှိကြောင်းသတင်းအရ ဒုရဲမှူး ဌေးဝင်းနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အုပ္ပလင်ကျေးရွာအနောက်တောင်ဘက်ရှိ အကျယ်ပေ(၂၀)ခန့်၊ အနက်ရှစ်ပေခန့်ရှိရိုးအတွင်း အသက်(၅၀)နှစ်ခန့်အမျိုးသား(စိစစ်ဆဲ)၏ အရိုးများကို ပြင်ပဒဏ်ရာမရှိဘဲ တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အုပ္ပလင်ကျေးရွာနေ လယ်လုပ်ကိုင်သူတစ်ဦးက ကျေးရွာနှင့် တစ် မိုင်ခန့်ဝေးကွာသည့် လယ်သို့ သွားရောက်စဉ် အပုပ်နံ့ရရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အလောင်းကို ညောင်လေးပင်ပြည်သူ့ဆေးရုံသို့ ပို့အပ်စစ်ဆေးရာ သေဆုံးသူမှာ လွန်ခဲ့သော သုံးလခန့်ကသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆရာဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။
သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းကို ညောင်လေးပင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၈/၁၉ ဖြင့် အမှုဖွင့်၍ ဆက်လက်စစ်ဆေးလျက်ရှိသည်။
















