ပဲခူးမြို့မဇင်းဆည်တွင် စကားထိုင်ပြောနေသည့် သမီးရည်းစားစုံတွဲထံမှ ပစ္စည်းများလုယူခဲ့သူများထဲမှ သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်၌ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပဲခူးမြို့နေ သမီးရည်းစားစုံတွဲ နှစ်ဦးသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ မဇင်းဆည်ရှိ ညောင်ပင်အောက်တွင် ထိုင်၍ စကားပြောနေခဲ့သည်။
ထိုသို့စကားပြောနေစဉ် အမည်မသိ အမျိုးသားတစ်စု ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးကို ဓားဖြင့် ခြိမ်းခြောက်၍ လက်ကိုင်ဖုန်းနှစ်လုံး၊ ကျပ် ၂၆ သိန်းတန် HONDA CLICK-125 ဆိုင်ကယ်တစ်စီးနှင့် ကျပ် ၁၆၀ဝ၀ဝ တန် လက်ပတ်နာရီတစ်လုံး စုစုပေါင်းကျပ် ၃၁၉၀ဝ၀ဝ ဖိုးခန့်ကို ခြောက်လှန့်တောင်းယူကာ ထွက်ပြေးသွားခဲ့သောကြောင့် အရေးယူပေးရန် ရဲစခန်းသို့သွားရောက် တိုင်တန်းခဲ့သည်။
ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းက(ပ)၁၅၇၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/ ၁၁၄ အရ အမှုဖွင့် စုံစမ်းခဲ့သည်။ လုယူခံရမှုတွင်ပါရှိခဲ့သည့် ဆိုင်ကယ်နှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့က ဆက်စပ်နယ်မြေများသို့ အကူညီတောင်းခံခဲ့သည်။
ထိုသို့ ရဲတပ်ဖွဲ့က အကူအညီတောင်းခံခဲ့ရာ ပဲခူးမြို့ ရွာသစ်လမ်းနေ သန်းကိုကို(ခ) သိန်းဇော်ထွန်း(ခ) ဘယ်လေး(၂၇ နှစ်)မှာ မြဝတီမြို့တွင် အဆိုပါဆိုင်ကယ်ကို ကျပ် ၁၆ သိန်းဖြင့်လိုက်လံ ရောင်းချနေကြောင်း မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖမ်းဆီးထားကြောင်း သက်ဆိုင်ရာက ပဲခူးမြို့ အမှတ် (၂)နယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
၎င်းကို စုံစမ်းမေးမြန်းချက်အရ အဆိုပါ Click အပြာရောင် ဆိုင်ကယ်ကို ပဲခူးမြို့ ရပ်ကွက်ကြီး (၁) နေ ကိုအောင် (ခ) ဦးအောင် (၁၉)နှစ်နှင့်အဖွဲ့က ငွေကျပ် (၁၂)သိန်းဖြင့် လာရောက် ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
စုံစမ်းပေါ်ပေါက်ချက်များအရ ကိုအောင်(ခ)ဦးအောင်ကို ၎င်းနေအိမ်တွင် ဖမ်းဆီးစစ်ဆေးရာ တိုင်ကြားခဲ့သည့် အမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ မဇင်းဆည်တွင် ခြိမ်းခြောက်ပြီး လုယက်မှု ကျူးလွန်စဉ် အောင်မင်းဦး(ခ)မြင်းမ (၂၀) နှစ်၊ အောင်ကို (၂၀) နှစ်၊ ဆောင်ဦးလှိုင် (ခ) ခေါလေး (၁၈)နှစ်၊ ဌေးနိုင် (၃၀)နှစ်တို့ ပါဝင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံဓား နှစ်ချောင်း၊ လက်ကိုင်ဖုန်းများကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ပြီး အမှုမှလွတ်မြောက်နေသူများကို စစ်ဆေးနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိသည်။

















