ကုမ္ပဏီချေးငွေပြန်ဆပ်ရန်ပြောရာမှ စကားများပြီး ကိုက်တံဖြင့် ထိုးသတ်

ကုမ္ပဏီချေးငွေပြန်ဆပ်ရန်ပြောရာမှ စကားများပြီး ကိုက်တံဖြင့် ထိုးသတ်

ဇလွန်မြို့တွင် ကုမ္ပဏီချေးငွေကိစ္စ ပြန်ဆပ်ရန် ပြောဆိုရာမှ စကားများပြီး ကိုက်တံနှင့်ထိုးသဖြင့် လူတစ်ဦးသေဆုံးခဲ့မှုကို အမှုဖွင့်အရေးယူထားကြောင်း ယနေ့အောက်တိုဘာ ၂၉ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ည ၉ နာရီ ၁၀ မိနစ်တွင် ဇလွန်မြို့ ဒေါင့်ကြီးအုပ်စုနေ ဒေါ်ကြည်စန်းက နေအိမ်တွင် ရှိနေစဉ် ၎င်း၏ခင်ပွန်းဖြစ်သူ မောင်တူး(ခ)ဝင်းထွဋ်(၃၈ နှစ်)သည် ဦးအေးလွင်နေအိမ်ခြံဝန်းရှေ့တွင် ကိုက်တံနှင့်အထိုးခံရကြောင်း ဦးအေးလွင်က အော်ဟစ်ပြောဆိုသဖြင့် ၎င်းကသွားရောက်ကြည့်ရှုခဲ့သည်။

၎င်း၏ခင်ပွန်းတွင် ရင်ဘက်ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိထားသဖြင့် မေးမြန်းခဲ့ရာ ၎င်း၏ခင်ပွန်းဖြစ်သူနှင့် ဦးတင်ထွန်းတို့သည် ကုမ္ပဏီမှယူထားသည့် ချေးငွေပြန်ဆပ်ရန်ပြောဆိုရာမှ ဦးအေးလွင် နေအိမ်ရှေ့တွင် စကားများရန်ဖြစ်ခဲ့ကြပြီး ကိုက်တံဖြင့် အထိုးခံခဲ့ရကြောင်း ပြောပြသိရှိခဲ့သည်။

ခင်ပွန်းကို ဟင်္သာတဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သောကြောင့် အရေးယူပေးရန်၎င်းက သက်ဆိုင်ရာထံ တိုင်ကြားခဲ့သည်။

ဇလွန်မြို့မရဲစခန်းက(ပ)၂၇၄၂/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးအရေးယူထားသည်။