အင်းစိန်မြို့နယ်အတွင်း လက်ကိုင်ဖုန်းများ လိုက်လံခိုးယူလုယက်သူလေးဦး အဖမ်းခံရ

အင်းစိန်မြို့နယ်အတွင်း လက်ကိုင်ဖုန်းများ လိုက်လံခိုးယူလုယက်သူလေးဦး အဖမ်းခံရ

အင်းစိန်မြို့နယ်အတွင်း လက်ကိုင်ဖုန်းများ လိုက်လံခိုးယူလုယက်ခဲ့သူ လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ  ၁၁ ရက် ညနေ ၄ နာရီခွဲတွင်  အင်းစိန်မြို့မရဲစခန်း၏ (ပ)၂၂၉၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၈၀ အမှုဖြင့် စစ်ဆေးနေသည့် မသင်္ကာသူ မင်းသူအောင်(ခ)ဝဏ္ဏစိုးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာစုမှ တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးခဲ့သည်။

၎င်းကိုစစ်ဆေးချက်အရ  စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ၎င်း၏သူငယ်ချင်းများဖြစ်သည့် လှဇော်ဝင်း(ခ) ဒန့်ဒန့်၊ သူရအောင်၊ အောင်မျိုးမင်းတို့နှင့်အတူ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောင်မင်္ဂလာ ဘုရားရင်ပြင်ပေါ်၌ ဘုရားရှိခိုးနေသော အမျိုးသမီးထံမှ MI 6X အမျိုးအစား ဖုန်း(၁)လုံးအား ခိုးယူခဲ့ကြောင်း၊ တညင်းကုန်းရပ်ကွက်၊ ဘူတာသံလမ်းပေါ်တွင် လမ်းလျှောက်လာသော အမျိုးသားထံမှ MEIZU U-20 အမျိုးအစား ဖုန်းတစ်လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက အမှုတွင်ပါဝင်သူ လှဇော်ဝင်း (ခ)ဒန့်ဒန့် ပါသုံးဦးကို ဆက်လက်ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဖမ်းဆီးရမိသူ မင်းသူအောင်(ခ)ဝဏ္ဏစိုးပါလေးဦးအား အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းတို့လေးဦးသည် ဇူလိုင်လမှအောက်တိုဘာလများအတွင်း အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ကန်ဦးကျောင်းဘုရားပေါ်တွင် လမ်းလျှောက်လာသော အမျိုးသားထံမှ Redmi အမျိုးအစား ဖုန်းတစ်လုံး၊ တညင်းကုန်းရပ်ကွက်၊ ဘူတာအနီး လမ်းလျှောက်လာသော အမျိုးသား(၁၁)ဦးထံမှ Redmi အမျိုးအစား ဖုန်းသုံးလုံး၊ Great Wall အမျိုးအစား ဖုန်းတစ်လုံး၊ Samsung အမျိုးအစား ဖုန်းနှစ်လုံး၊ Honor အမျိုးအစား ဖုန်းတစ်လုံး၊ Oppo အမျိုးအစား ဖုန်းနှစ်လုံးနှင့် Huawei အမျိုးအစား ဖုန်းနှစ်လုံး၊ စုစုပေါင်း ဖုန်း(၁၁)လုံးအား လုယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ၎င်းတို့လေးဦး ခိုးယူလုယက်ခဲ့သည့် လက်ကိုင်ဖုန်းများကိုရောင်းချထားသည့်နေရာများမှသိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။