နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ပါဝင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကို ရွှေ့ဆိုင်းလိုက်ကြောင်း ဂျေအိုင်စီအမ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက အတည်ပြုပြောဆိုသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၏ ပြည်တွင်းခရီးစဉ်ကို တပ်မတော်က လုံခြုံရေးအကြောင်းပြကာ ဟန့်တားမှုကြောင့် ကတောက်ကဆတ်ဖြစ်ကာ နေပြည်တော်တွင် အောက်တိုဘာ ၂၈ ရက်ကကျင်းပခဲ့သည့် အင်န်စီအေစာချုပ် လေးနှစ်ပြည့်အခမ်းအနားကို မတက်ရောက်နိုင်ခဲ့ခြင်း၏နောက်ဆက်တွဲဂယက်ရိုက်မှုကြောင့် ယင်းဆွေး နွေးပွဲကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။
လူလည်းမစုံ
"ကျွန်တော်စီစဉ်ထားတာက အောက်တို ဘာ ၃၀ ရက်မှာ ဂျေအိုင်စီအမ်ကျင်းပဖို့ပေါ့။ အခုတော့ ရွှေ့ဆိုင်းလိုက်ရပါတယ်။ အာရ်စီ အက်စ်အက်စ်ခေါင်းဆောင်ကလည်း ရောက် မလာတဲ့အတွက် ကျွန်တော်တို့ညှိနှိုင်းမှုတွေ မလုပ်လိုက်နိုင်ဘူး၊ လူလည်းမစုံဘူး"ဟု ဂျေ အိုင်စီအမ်အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုခဲ့သည်။
နစ်နာမှုရှိခဲ့
ဂျေအိုင်စီအမ်အစည်းအဝေး မခေါ်ယူနိုင် ခြင်းမှာ တစ်နှစ်ကျော်ကြာပြီဖြစ်၍ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွက် နစ်နာမှုရှိခဲ့ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဗိုလ်မှူးကြီးစိုင်းငင်းက မှတ်ချက်ပြု ခဲ့သည်။
လိုအပ်
အဆိုပါညှိနှိုင်းအစည်းအဝေးကို မဖြစ် မနေပြုလုပ်ရန်လိုအပ်လာပြီး နိုဝင်ဘာဒုတိယ ပတ်အတွင်းကျင်းပမည်ဟု သိရသည်။















