ဖျာပုံခရိုင် အမာမြို့နယ် ပင်လယ်ရေမိုင်(၆၀)မိုင်ရှိ ငါးဖမ်းလုပ်ငန်းလုပ်ကွက်တွင် ရေလုပ်သားက ဖောင်ဦးစီးကို ဓားဖြင့်ထိုးသတ်မှုအား ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူခဲ့ကြောင်း ယနေ့အောက်တိုဘာ ၃၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီခန့်တွင် သန်လျင်မြို့နယ်၊ဇီးကုန်းကျေးရွာအုပ်စုနေ ဖောင်နောက်လိုက်ရေလုပ်သားချစ်ဦးက ဒေါ်ညိမ်းကျေးရွာအုပ်စု ခါးပြတ်ကျေးရွာမှ ပင်လယ်ရေမိုင် (၆၀)ခန့် အကွာ အင်္ဂလန် ငါးဖမ်းလုပ်ငန်းမှ ဖောင်ဦးစီး ကျော်မင်းထွန်းကို ဓားနှင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
ဖောင်ဦးစီးကျော်မင်းထွန်း၏ ယာဘက်ရင်ဘတ်အောက်ပိုင်းတွင်သုံးလက်မခန့်ထိုး သွင်းဒဏ်ရာတစ်ချက်၊ဝဲဘက်ရင်ဘက်အောက်ပိုင်းတွင်သုံးလက်မခန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်တွင်သုံးလက်မ ခန့်ထိုးသွင်း ဒဏ်ရာတစ်ချက်နှင့် ဝဲဘက်နံဘေးတွင် လက်မဝက်ခန့်ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေကြောင်း သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ဖောင်ဦးစီး ကျော်မင်းထွန်းက ချစ်ဦးကို မကြာခဏ ဆဲဆိုနေသဖြင့် ချစ်ဦးကမကျေနပ်သဖြင့် ပဲ့ပိုင်းတွင်အိပ်ပျော်နေသည့် ဖောင်ဦးစီးကို ငါးခွဲဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထိုးခဲ့ပြီးနောက် ဖောင်ဦးစီးက လှေပေါ်တွင်ပါရှိသည့် ရေလုပ်သား အောင်ကျော်စိုးကို အော်ဟစ်၍ ချစ်ဦးက ဓားဖြင့်ထိုးကြောင်း ပြောဆိုသဖြင့် အောင်ကျော်စိုးက ထကြည့်ခဲ့ပြီး အနီးရှိ ငါးပေါင်းလှေကို မီးဖြင့်အချက်ပြနေစဉ် ဖောင်ဦးစီးသေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူပေးရန် ကျော်မင်းထွန်း၏ဇနီးဖြစ်သူက ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး ဒေါ်ညိမ်း နယ်မြေစခန်းက (ပ)၁၅၈/၁၉၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။
















