ပန်းတောင်းမြို့နယ်တွင် ခေါင်းရင်းအိမ်နေထိုင်သူက အရွယ်မရောက်သေးသူကို အဓမ္မပြုကျင့်မှုအား ယနေ့အောက်တိုဘာ ၃၀ ရက်၌ အမှုဖွင့်ဖမ်းဆီး အရေးယူခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စု ပုဂံကွဲရွာနေ အသက် ၁၅ နှစ်အရွယ်မိန်းကလေးက ယနေ့ နံနက် ၁၀ နာရီ မိနစ်၂၀ တွင် သက်ဆိုင်ရာ သို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ၁၅ နှစ်အရွယ်မိန်းကလေးသည် လွန်ခဲ့သော သုံးလနီးပါးခန့်က နံနက် ၁၁ နာရီအချိန်၌နေအိမ်တွင်ရှိနေစဉ် ခေါင်းရင်းအိမ်နေထိုင်သူ ဦးကျော်စိုး(၄၉ နှစ်)က နေအိမ်အောက်အဆင့်တွင် ၎င်းကိုချုပ်နှောင်ကာ သုံးကြိမ် အဓမ္မပြုကျင့်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နင့်အမေကိုမပြောနဲ့ နင့်ကိုငါယူမယ်ဟု ဦးကျော်စိုးက မိန်းကလေးကို ပြောဆိုခဲ့သည်။ထို့နောက် မိန်းကလေးတွင်ကိုယ်ဝန်ရှိပြီးဗိုက်ပူလာရာ ၎င်း၏မိခင်က ပယောဂအထင်နှင့် ဆေးကုသပြီးဓာတ်မှန်ရိုက်ရန်ပြုလုပ်စဉ် မိန်းကလေးက ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူကိုပြောပြကာ ဦးကျော်စိုးအား အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဥသျှစ်ပင်နယ်မြေရဲစခန်းက(ပ)၁၃၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ် ၃၇၆ အရ အမှုဖွင့်ကာ ဦးကျော်စိုးကို ဖမ်းဆီးအရေးယူထားသည်။
















