ပန်းစိုက်ခင်းတွင် အလုပ်ရမည်ဆိုကာ တရုတ်မယားအဖြစ် ရောင်းစားခံရ

ပန်းစိုက်ခင်းတွင် အလုပ်ရမည်ဆိုကာ တရုတ်မယားအဖြစ် ရောင်းစားခံရ

ပန်းစိုက်ခင်း၌ အလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယားအဖြစ်ရောင်းချခဲ့သူသုံးဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူခဲ့ကြောင်း ယနေ့အောက်တိုဘာ ၃၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ကျောက်တန်းမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လူကုန်ကူးခံရပြီး တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာနစုက အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အဆိုပါ လူကုန်ကူးခံရမည့်အမျိုးသမီးမှာ သာကေတမြို့နယ်အတွင်း ဓာတ်ဆီဆိုင်တစ်ခုအနီးရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

လူကုန်ကူးခံရမည့်အမျိုးသမီးက ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ခဲ့စဉ် လွန်ခဲ့သော ၁၀ ရက်ခန့် ည ၁၀ နာရီခန့်၌ ၎င်း၏မိခင်ဖြစ်သူက ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဆိုသည်။

၎င်း၏မိခင်ဖြစ်သူက ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာ၌ ကျောက်တန်းမြို့ စံချိန်မီကွက်သစ်နေ ဒေါ်လှလှရီ (၄၅ နှစ်) ၏သမီးဖြစ်သူ မသဇင်ဖူး(ခ) ရွှေဇင်မိုး(၂၄ နှစ်)မှာ မန္တလေးမြို့ရှိ ပန်းစိုက်သည့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ရသည်မှာ အဆင်ပြေနေကြောင်း၊ တစ် နှစ်လျှင်ကျပ်သိန်း၂၀ ခန့်ရရှိကြောင်း၊လုပ်ကိုင်လိုပါက ဒေါ်လှလှရီက ပြောပေးမည်ဖြစ်ကြောင်း မိခင်ဖြစ်သူက ဖုန်းဖြင့်ပြောဆိုခဲ့ခြင်းဖြစ်သည်။

လူကုန်ကူးခံရမည့်အမျိုးသမီးက နောက်နေ့ မွန်းတည့် ၁၂ နာရီတွင် နေအိမ်သို့ပြန်လာခဲ့သည်။ ထို့နောက် မွန်းလွဲ ၃ နာရီတွင် ဒေါ်လှလှရီ၏ သမီးမသဇင်ဖူး(ခ) ရွှေဇင်မိုးကနေအိမ်သို့ရောက်လာကာ အလုပ်လုပ်ရန် ပြောဆိုခဲ့ပြီး ငွေများကို အလုပ်လုပ်ကိုင်မည့်နေရာသို့ ရောက်ရှိစဉ် မိခင်ဖြစ်သူထံ ချက်ချင်းလွှဲပေးမည်ဖြစ်ကြောင်း ပြောဆိုသောကြောင့် လူကုန်ကူးခံရမည့်အမျိုးသမီးက သဘောတူခဲ့သည်။

လူကုန်ကူးခံရမည့်အမျိုးသမီးသည် မသဇင်ဖူး(ခ)ရွှေဇင်မိုး နှင့်အတူ နောက်တစ်နေ့ နံနက် ၈ နာရီတွင် နေအိမ်မှ အောင်မင်္ဂလာကားဝင်းသို့ ထွက်လာခဲ့ပြီး ကားဝင်းတွင် မသဇင်ဖူး(ခ)ရွှေဇင်မိုး၏ ခင်ပွန်း ကျော်ကြီး(စုံစမ်းဆဲ)နှင့် တွေ့ရှိခဲ့သည်။

ကားဝင်းအတွင်း တောင်ကြီးဘက်သို့ သွားရန်ကားမရှိသဖြင့် ကားဝင်းအနီးတည်းခိုခန်းတွင် တစ်ညအိပ်ခဲ့သည်။နောက်တစ်နေ့ နံနက် ၆ နာရီတွင် ကျော်ကြီးက တည်းခိုခန်းသို့ရောက်လာစဉ် မသဇင်ဖူးက ၄င်းတွင် မှတ်ပုံတင်မရှိသဖြင့် ခင်ပွန်းဖြစ်သူ ကျော်ကြီးနှင့်လိုက်ပါသွားရန်နှင့် ၄င်းနောက်မှလိုက်လာ မည်ဖြစ်ကြောင်းပြောဆိုရာ လူကုန်ကူးခံရမည့်အမျိုးသမီးက တောင်ကြီးမြို့သို့ လိုက်ပါသွားခဲ့သည်။

လူကုန်ကူးခံရမည့်အမျိုးသမီးနှင့် မသဇင်ဖူး၏ခင်ပွန်းဆိုသူကျော်ကြီးတို့သည် တောင်ကြီးမြို့မှတစ်ဆင့် ကျိုင်းတုံမြို့သို့ လိုင်းကားဖြင့်သွားရောက်ခဲ့ပြီး တည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ကြသည်။ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ကျော်ကြီးက အငှားယာဉ်ဖြင့် "ဝ" လူမျိုးများနေထိုင်သည့် ကျေးရွာတစ်ခုသို့ ခေါ်သွားကာ အမျိုးသမီးတစ်ဦးထံတွင် အပ်နှံခဲ့သည်။

ကျော်ကြီးသည် မွန်းလွဲ ၁ နာရီတွင် အဆိုပါကျေးရွာမှ ပြန်သွားခဲ့ပြီးနောက် လူကုန်ကူးခံရမည့် အမျိုးသမီးကို လက်ခံထားသူအမျိုးသမီးက စက်လှေဖြင့် တရုတ်နိုင်ငံဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။

လူကုန်ကူးခံရမည့်အမျိုးသမီးက တရုတ်လူမျိုးနေအိမ်တွင် မြန်မာအမျိုးသမီး ၁၀ ဦးခန့်ကိုတွေ့ရပြီး ၎င်းက ဘာအလုပ်လုပ်ရမလဲ ဟု "ဝ" လူမျိုး အမျိုးသမီးကို မေးမြန်းရာတရုတ်အမျိုးသားတစ်ဦးနှင့်လက်ထပ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းက မလုပ်နိုင်ကြောင်းပြောဆိုရာ မလုပ်၍ မရကြောင်း မသဇင်ဖူး(ခ) ရွှေဇင်မိုးက ငွေကျပ် ၂၅ သိန်းဖြင့်ရောင်းစားထားကြောင်း "ဝ" လူမျိုး အမျိုးသမီးက ပြောဆိုခဲ့သည်။

၎င်းက အိမ်ပြန်ပို့ပေးရန် ပြောဆိုရာ "ဝ" လူမျိုး အမျိုးသမီးက သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုသဖြင့် သတ်လျှင် သတ်လိုက် လိုက်မပို့ပေးလျှင် ရေကူးပြန်မည်ဟု ၎င်းက ပြောခဲ့သည်။

ထို့နောက် "ဝ" အမျိုးသမီးက နင် ရဲတိုင်မလားဟု မေးမြန်းရာ ရဲကိုတိုင်မည်မဟုတ်ကြောင်း ၎င်းကပြောဆိုသဖြင့် "ဝ" လူမျိုး အမျိုးသားတစ်ဦးက ကျိုင်းတုံမြို့သို့ ပို့ဆောင်ခဲ့သည်။

၎င်းသည် ထိုမှတစ်ဆင့် အဝေးပြေးကားဖြင့် တောင်ကြီးသို့ရောက်ရှိခဲ့ကြောင်း၊ တောင်ကြီးမှ ခရီးသည်တင်ယာဉ်ကို အကူအညီတောင်းခံကာ ရန်ကုန်မြို့သို့ အောက်တိုဘာ ၂၉ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သက်ဆိုင်ရာထံ ပြန်လည်ပြောပြကာ အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ကျောက်တန်းမြို့မရဲစခန်းက(ပ)၁၉၃၆/၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ကာ ဒေါ်လှလှရီကိုဖမ်းဆီးထားပြီး တိမ်းရှောင်နေသူ မသဇင်ဖူး(ခ)ရွှေဇင်မိုးနှင့် ကျော်ကြီးတို့ကို ဖမ်းဆီးရမိရန် ဆက်လက်စုံစမ်းလျက်ရှိသည်။