ဒီတိုနေတာ ၁၄၅၀ဝ ချောင်းသယ်ဆောင်လာသူသုံးဦးကို ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာအနီး Mobile X-Ray ရိုက်စက် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် နံနက် ၁ နာရီ ၂၅ မိနစ်တွင် ရေငယ်ကျေးရွာအနီး မန္တလေး-မူဆယ်ကားလမ်း Mobile X-Ray ရိုက်စက်၌ ရဲတပ်ဖွဲ့ဝင်များက နောင်ချိုမှ မန္တလေးသို့ မောင်းနှင်လာသည့် Nissan UD ခြောက်ဘီးယာဉ်ကို စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ကို ဖြိုးကိုကိုမောင် (ခ)မောင်ဖြိုး (၂၈)နှစ်က မောင်းနှင်ပြီး ညီဖြစ်သူ ဖြိုးကိုကိုငယ် (ခ)ပြူးလေး (၂၁)နှစ် လိုက်ပါလာခြင်းဖြစ်သည်။
အဆိုပါယာဉ်၏ ရှေ့ခန်းတွင် ဆာလာအိတ်ငါးအိတ်ဖြင့်ထည့်ထားသည့် အရှည် ၂ဒသမ၅ လက်မခန့်ရှိ စနက်တံနှင့် အရှည်ခြောက်ပေခန့်ရှိ ဝါယာနှစ်ပင် ဆက်သွယ်ထားသည့် ဒီတိုနေတာ ၁၄၅၀ဝ ချောင်းကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ အမရပူရမြို့နယ် တောတွင်းကျေးရွာအနီး သရက်ခြံ၌နေထိုင်သူ လေးမင်း(၄၂)နှစ်၏ ဆက်သွယ်ပေးမှုဖြင့် လားရှိုးမြို့ရှောင်လမ်း၊ ဘုရားကြီးကုန်းဆင်းအနီး၌ အမျိုးသားသုံးဦး(စိစစ်ဆဲ)က 4 Wheel ယာဉ်ဖြင့် အဆိုပါ ဒီတိုနေတာများကို လာရောက်တင်ဆောင်ပေးခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
၎င်းတို့က သယ်ဆောင်ခ ငွေ ၈၀,ဝ၀ဝ ကျပ်ဖြင့် လေးမင်း (၄၂)နှစ်ထံသို့ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရ၍ လေးမင်း (၄၂)နှစ်ကိုပါ ထပ်မံဖမ်းဆီးရမိခဲ့သည်။
၄င်းကို စစ်မေးရာ အဆိုပါဒီတိုနေတာများနှင့် ယာဉ်ပိုင်ရှင်မှာ လားရှိုးမြို့နေသူ အားစိန်(စိစစ်ဆဲ)ဖြစ်ပြီး မည်သည့်နေရာ၌ အသုံးချမည်ကို မသိရှိကြောင်း ထွက်ဆိုခဲ့သည်။
ပိတ်ချင်းမြောင် နယ်မြေရဲစခန်းက (ပ)၂၃၈/၁၉၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ဥပဒေပုဒ်မ ၅/၆ အရ ဖြိုးကိုကိုမောင်(ခ)မောင်ဖြိုး၊ ဖြိုးကိုကိုငယ်(ခ) ပြူးလေးနှင့် လေးမင်းတို့သုံးဦးကို အမှုဖွင့်အရေးယူထားပြီး ဒီတိုနေတာများ တင်ဆောင်ပေးသူ အမျိုးသား သုံးဦး(စိစစ်ဆဲ)ကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

















