ရေဆန်ကို လှော်ခတ်ခြင်း

ရေဆန်ကို လှော်ခတ်ခြင်း

(ယခင်တစ်ပတ်မှ အဆက်)

ဤသို့လိမ်လည်တင်ပြရသည့်အကြောင်းရင်းကို သိရှိလိုသဖြင့်တရားလို၏ ဦးလေးဖြစ်သူ ထိုရွာလူကြီးအားအကျိုးအကြောင်း မေးမြန်းရတော့သည်။ ထိုအခါ ရွာလူကြီးက "ထိုရှေ့နေကြီးမှာ အလွန်ပင်အိုရွဲနေပြီဖြစ်သဖြင့် ရွှေဘိုမှကန့်ဘလူသို့ ညရထားဖြင့်လာပြီး အမှုစစ်ပြီးသောအခါတွင်လည်း ညသန်းခေါင်းကျော်ရထားဖြင့် ကန့်ဘလူမှ ရွှေဘိုသို့ပြန်ရမည်ဖြစ်ရာ ၎င်းအနေဖြင့် ကန့်ဘလူသို့ လာရောက်နိုင်ရန် အခြေအနေမရှိသောကြောင့် ဤသို့လိမ်လည်ခြင်းဖြစ်နိုင်ကြောင်း၊ တရားခံမှာလည်းဆင်းရဲသော သူရင်းငှားဖြစ်ခြင်းကြောင့်ရှေ့နေခမတတ်နိုင်သဖြင့် ၁၃ နှစ်အရွယ် သူ၏သမီးငယ်တစ်ဦးကို ထိုရှေ့နေကြီး၏အိမ်သို့အစေခံအဖြစ် ပို့ထားရကြောင်းမိမိအနေဖြင့် မြို့အုပ်မင်းအကြောင်းကိုသိရှိထားသူဖြစ်၍ မြို့အုပ်မင်းနှင့်တွေ့ဆုံစဉ် အမှုအကြောင်းကို မပြောခဲ့သော်လည်းယခုမြို့အုပ်မင်းမေး၍သာ ပြောရခြင်းဖြစ်ပါကြောင်း" ပြောပြပါသည်။ 

အမှုကိုရုံးပြောင်းပေးရန် တရားခံ၏အကြောင်းပြချက်များနှင့်စပ်လျဉ်း၍ မိမိကမှတ်ချက်ရေးရာတွင် "တရားလိုအမျိုးသမီး၏ ဦးလေးတော်သူနှင့် သိသည်မှာ မှန်သော်လည်း ရလကအဖွဲ့ဝင်ကျေးရွာလူကြီးအဖြစ် သိရှိခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှု မရှိခဲ့ကြောင်း၊ တရားလိုအမျိုးသမီးနှင့်၎င်း၏ဦးလေးတို့ရောက်ရှိမှသာ အမှုခေါ်သည်ဆိုခြင်းမှာလည်း ကန့်ဘလူမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ အမှုသည်များနှင့် သက်သေများသည် မီးရထားဖြင့် လာရောက်ကြရသဖြင့် မီးရထားဆိုက်ရောက်ပြီးမှသာ အမှုများကို စစ်ဆေးနိုင်ကြောင်း၊ တရားခံ၏ရှေ့နေကြီးသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး ကန့်ဘလူမြို့သို့ လာရောက်၍ အမှုလိုက်ပါရန်အခက်အခဲရှိသဖြင့် ယခုကဲ့သို့ ထိုအမှုကို ရွှေဘိုမြို့ရှိ တရားရုံးသို့ ပြောင်းပေးရန် လျှောက်ထားခြင်းဖြစ်ရာ ရှေ့နေကျင့်ဝတ်နှင့်မညီကြောင်း၊ ရုံးချိန်း သုံးကြိမ်စလုံးတွင်လည်း တစ်ကြိမ်တစ်ခါမှ လာရောက်ခြင်း မရှိသေးကြောင်း၊ထို့ပြင် တရားခံမှာ ဆင်းရဲသူဖြစ်သောကြောင့် ရှေ့နေခမတတ်နိုင်သဖြင့် အသက် ၁၃ နှစ်အရွယ်ရှိ ၎င်း၏သမီးကို ထိုရှေ့နေကြီး၏အိမ်သို့ အစေခံအဖြစ်ပို့ထားရကြောင်းသိရှိရသဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်သော်လည်း တရားခံ၏စိုးရိမ်စိတ်များ ကင်းနိုင်စေရေးအတွက် အမှုကိုအခြားတရားရုံး တစ်ရုံးသို့ ပြောင်းရွှေ့ စစ်ဆေးစေသင့်ပါကြောင်း" စသည်ဖြင့် ဖော်ပြခဲ့ရာ တရားခံ၏ရုံးပြောင်းလျှောက်လွှာကို ခရိုင်ရာဇဝတ် တရားသူကြီးက ပယ်ခဲ့ပါသည်။ အမှန်မှာ ထိုရှေ့နေကြီးသည် ၎င်းဖြစ်စေလိုသည့် ဆန္ဒကဖုံးကွယ်ထားသဖြင့် မှားခဲ့ခြင်းဖြစ်ပါသည်။ ၎င်း၏အကြောင်းပြချက်များကို အထက်ရုံးက လက်ခံသည်ဆိုလျှင်ပင် ၎င်း၏အမှုကိုရွှေဘိုမြို့ရှိ တရားရုံးသို့ပြောင်းရွှေ့ပေးမည့်အခြေအနေမှာ အလွန်နည်းပါးပါသည်။ အဘယ်ကြောင့်ဆိုသော် ကန့်ဘလူမြို့ပေါ်တွင်မိမိ၏တရားရုံးအပြင် နယ်ပိုင်ရာဇဝတ်တရားသူကြီးရုံးနှင့် တစ်လလျှင် တစ်ကြိမ်ကျ ရေဦးမြို့မှ လာရောက်ရုံးထိုင်သော မြို့နယ်တရားမ တရားသူကြီး၏ ရာဘက်မြို့နယ် ရာဇဝတ်တရားသူကြီး ရုံးလည်းရှိနေသောကြောင့် အမှုကိုပြောင်းပေးမည်ဆိုလျှင်ပင် ၎င်းတရားရုံး နှစ်ရုံးအနက် တစ်ရုံးရုံးသို့ ပြောင်းပေးရန်သာ ရှိပါမည်။

 

တရားခံမှာလည်း ဆင်းရဲသော သူရင်းငှားဖြစ်ခြင်းကြောင့် ရှေ့နေခမတတ်နိုင်သဖြင့်
၁၃ နှစ်အရွယ် သူ၏သမီးငယ်တစ်ဦးကို ထိုရှေ့နေကြီး၏အိမ်သို့အစေခံအဖြစ် ပို့ထားရကြောင်း
မိမိအနေဖြင့် မြို့အုပ်မင်းအကြောင်းကို သိရှိထားသူဖြစ်၍ မြို့အုပ်မင်းနှင့်တွေ့ဆုံစဉ် . . . 

ပထမတန်းရာဇဝတ်အာဏာများရရှိပြီးသောအခါ ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ ပုဒ်မ ၁၆၄ အရ တရားခံ၏ ဖြောင့်ချက်(confession)  ရယူခြင်းနှင့်သေခါနီးသက်သေ၏ ထွက်ဆိုချက်(dying deposition)  ရယူခြင်းများကိုလည်း ပြုလုပ်ပေးရသည်။ တရားခံ၏ဖြောင့်ချက် (confession)  ကို ရေးမှတ်ယူသည့်အလုပ်မှာရုံးချိန်အတွင်းတွင် ဆောင်ရွက်ပေးရသော လုပ်ငန်းဖြစ်၍ ပြဿနာအထူးအထွေမရှိသော်လည်း သေခါနီးသက်သေ (ရိုက်နှက်ခြင်း ခံရသူ)၏ အစစ်ခံချက်ကို ရယူခြင်းတွင်ကား အဆင်မပြေမှု ရှိတတ်သည်။ ညအိပ်နေစဉ် မိမိအိမ်သို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး သို့မဟုတ် ဆေးရုံဝန်ထမ်းတစ်ဦးလာရောက်ပြီး သေခါနီးစစ်ချက်ယူပေးရန်ပြောသည့်ကိစ္စမျိုးတွင် အိပ်ချင်မူးတူးနှင့်ဆေးရုံသို့လိုက်သွားရခြင်း၊ သေခါနီးသက်သေကို ကျမ်းကျိန်စေ၍ မေးမြန်းရန် လူနာမှာအခြေအနေ မကောင်းခြင်း၊ ညအချိန်ဖြစ်၍ မိမိတွင်ကျမ်းထုပ်မရှိခြင်း၊ လူနာအားဆေးကုသပေးခြင်းမပြုမီ စစ်မေးရခြင်း စသည့်အဆင်မပြေမှုများကိုကြုံရသည်။လူနာအားအချိန်မီအသက်ကယ်နိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်ပါရန်နှင့် မိမိအနေဖြင့် လူနာ၏အခြေအနေကိုကြည့်ပြီး အရေးကြီးသောအချက်တချို့ကိုသာအဆင်ပြေသလို မေးမြန်းမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးအား ပြောကြားထားရသည်။ အများအားဖြင့် ညအချိန်ရောက်ရှိလာသောအမှုများတွင် သေခါနီးသက်သေအား ကျမ်းဖြင့်စစ်ဆေးခြင်း(dying deposition) ကို ရယူနိုင်ခြင်းမရှိဘဲသေခါနီး ပြောကြားချက် (dying declaration)အဖြစ်သာ ရယူသည်က များပါသည်။ သို့သော် သက်သေများ ကံကောင်းသည်လားမပြောတတ်၊ မိမိစစ်ချက်ယူသော သက်သေများ တစ်ဦးတလေမျှ သေဆုံးခြင်းမရှိသဖြင့် မိမိအနေဖြင့်လည်း တရားရုံးသို့သွားရောက်ပြီး သက်သေအဖြစ် အစစ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ 

တရားခံ၏ဖြောင့်ချက်ယူသည့်ကိစ္စတွင် အစဉ်အလာကို တော်လှန်မှုကြောင့် မကြေမလည်ဖြစ်ခဲ့ရသည်ကို မှတ်မိနေပါသေးသည်။ လူသတ်မှုမှ တရားခံ၏ဖြောင့်ချက်ကိုရယူပေးပါရန် အစီရင်ခံစာနှင့်တကွ ရဲစခန်းမ·း ကိုယ်တိုင်လာရောက်၍ သတင်းပို့သောအခါပထမဦးဆုံးဆောင်ရွက်သည့်ကိစ္စဖြစ်ခြင်းကြောင့်နာရီအနည်းငယ် စောင့်ဆိုင်းစေပြီး ဖြောင့်ချက်ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေနှင့် တရားရုံးလက်စွဲတို့ကို ဖတ်ရှုလေ့လာပြီးသောအခါမှ တရားခံကို အချုပ်မှထုတ်စေ၍၎င်း၏ဖြောင့်ချက်ကိုရေးမှတ်ပါသည်။ ဤတွင် ရှေးအစဉ်အလာ ဆိုသည်မှာ မိမိ၏အလုပ်သင်ဘဝတွင်ဖတ်ရှုခဲ့ရသောအမှုတွဲခန်းရှိဖြောင့်ချက်အမှုတွဲတချို့ကိုပြန်လည်၍ သတိရမိခြင်းဖြစ်ပါသည်။ ဖြောင့်ချက်အမှုတွဲအားလုံးမှာပင် "သင်ပြောလိုသည်ကိုပြောပါ" ဆိုခြင်းမှစ၍ တရားခံ၏ ပြောပြ ချက်များကို တစ်ပိုဒ်ရေးပြီးတိုင်း "ဆက်ပြောပါ" ဟူ၍သာ အဆုံးထိ မှတ်တမ်းတင်လေ့ရှိကြပါသည်။ လက်တွေ့တွင်မူ မေးချင်းသလိုမေးပြီး ဤသို့မှတ်တမ်းတင်ရခြင်းမှာ နောင်အခါ စက်ရှင်ရုံးတွင်သက်သေခံရာ၌ တရားခံ ရှေ့နေ၏ ပညာပြမေးခွန်းများကိုရှောင်ရှားလို၍ဖြစ်ကြောင်း၊ ဝါရင့်ဆရာကြီးများပြောဖူးပါသည်။ အချို့တရားခံ များမှာ ဆန္ဒအလျောက်ဖြောင့်ချက်ပေးလို၍မဟုတ်ဘဲ အမှုစစ်ရဲအရာရှိ၏ သွေးဆောင်ဖြားယောင်းမှုကြောင့် ဖြောင့်ချက်ပေးခြင်းဖြစ်ရာ ဖြောင့်ချက်ယူသူတရားသူကြီးကလည်း ဖြောင့်ချက်ရအောင် မေးယူရသည်များလည်း ရှိပါသည်။ မှတ်တမ်းတင်ရာတွင် မူလကဖော်ပြခဲ့သည့်အတိုင်း "ဆက်ပြောပါ" ဟူ၍သာ ရေးလေ့ရှိကြပါသည်။ 

မိမိကမူ နိမိတ်ပြမေးခွန်းများမေးမြန်းခြင်းကိုသာ ရှောင်ရှားပြီးတရားခံပြောပြချက်များအပေါ်မူတည်၍ လိုအပ်သော မေးခွန်းများကိုမေးပြီးမေးသည့်အတိုင်းပင် မှတ်တမ်းတင်ထားပါသည်။ ဥပမာ တရားခံက သေသူကို ဓားမြှောင်ဖြင့်ထိုးမှုတွင်"အဲဒီဓားကဘယ်ရောက်သွားလဲ" "မြင်ရင်မှတ်မိပါ့မလား" "ဒီဓားကိုကြည့်ပါ" စသည်ဖြင့် မေးသည့်အတိုင်း မေးခွန်းများကို ရေးမှတ်ထားခြင်းဖြစ်ပါသည်။ 

ရွှေဘိုခရိုင်စက်ရှင်ရုံးတွင် သက်သေခံသောအခါ မိမိပထမဆုံးရယူသော ဖြောင့်ချက်ဖြစ်ကြောင်း သိရှိနေသော တရားခံရှေ့နေ(အထက်တန်းရှေ့နေ)က ဤမေးခွန်းများ တရားမဝင်၊ ဥပဒေနှင့်မညီကြောင်း ပြန်လှန် မေးပါတော့သည်။ ဤတွင်မိမိ၏ဖြေကြားချက်မှာ "ဒီအချက်နှင့်ပတ်သက်လို့ဥပဒေနှင့် ညီ၊ မညီ ကျုပ်မေးစရာ မလိုဘူး၊ခင်ဗျားလျှောက်လဲချက်ပေးတဲ့အခါ ထည့်ပြောပါ၊ တရားသူကြီးက ဆုံးဖြတ်မှာပေါ့" ဟူ၍ဖြစ်ရာမိမိနှင့် ရှေ့နေတို့အပြန်အလှန်ငြင်းခုံမှုများဖြစ်လာခဲ့သည်။ တရားလိုအစိုးရရှေ့နေကမူ"သူလုပ်တာမမှားပါဘူး၊ လျှောက်လဲချက်အဆင့်မှာ ကျွန်တော်ဥပဒေကိုးကားတင်ပြပါမယ်" ဟု မိမိအား ကာကွယ်လျှောက်လဲပါသည်။ ဤသို့ဖြင့် မိမိအား စစ်ဆေးမှုပြီးဆုံးသောအခါ စက်ရှင်တရားသူကြီးက မိမိအား "ကိုကျော်အေး၊ ကျုပ်အခန်းထဲလိုက်ခဲ့ပါဦး" ဟုပြောဆိုပြီး တရားခွင်မှဆင်းသွားပါသည်။ မိမိလည်းသူ၏ရုံးခန်းသို့လိုက်သွားရာ သူကပင်စ၍"ဖြောင့်ချက်ယူရာမှာ ဒီလိုမျိုးမေးခွန်းတွေမေးပြီး မှတ်တမ်းတင်ထားရင်တော့နောင်အမှုတိုင်းမှာ ဒီလိုပြဿနာဖြစ်နေဦးမှာပဲ" ဟုပြောပါသည်။ မိမိက "မင်းကြီးရဲ့စေတနာကို ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော် အလုပ်သင်ဘဝကပင် ရာဇဝတ်ဥပဒေဘာသာကို အထက်တန်းအဆင့်ဖြင့် အောင်မြင်ထားသူပါ။ ဖြောင့်ချက်ကိစ္စကို သေချာလေ့လာခဲ့ဖူးပါတယ်။B.L.  ဘွဲ့ကိုလည်း လွန်ခဲ့တဲ့ခုနစ်နှစ်လောက်ကရရှိထားသူပါ။ ဒီဖြောင့်ချက်ကို ပထမဆုံးယူတာဖြစ်ပေမဲ့ ဖြောင့်ချက်မယူမီဆိုင်ရာဥပဒေနဲ့လုပ်ထုံးလုပ်နည်းတွေကို အားရကျေနပ်အောင် ဖတ်ရှုပြီးမှ ဒီဖြောင့်ချက်ကိုယူခဲ့တာပါ။ တရားခံရှေ့နေတွေကတော့ပထမဆုံးဖြောင့်ချက်ယူတဲ့ကိစ္စဆိုရင် ဒီလိုပဲမေးကြတာ သူတို့အကျင့်ပါ။ ကျွန်တော်ဖြောင့်ချက်ယူရာမှာ ကျွန်တော်မေးတဲ့မေးခွန်းတွေကို အမှန်အတိုင်း မှတ်တမ်းတင်ထားပါတယ်။ ကျွန်တော်က တရားသူကြီးပါ၊ ပုလိပ်မဟုတ်ပါဘူး။ ကျွန်တော်ဖြောင့်ချက် တရားဝင်၊ မဝင် မင်းကြီးဆုံးဖြတ်ပေါ့" ဟုပြောရာ သူကျေနပ်ပုံမရပါ။ သူလည်း သည်ပုပ်ထဲကသည်ပဲပေပဲဟူ၍ စိတ်မှာပြော၍ သူ့ကိုနှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့ ပါသည်။ 

ပထမတန်း ရာဇဝတ်အာဏာရပြီးနောက်ယင်းအာဏာအရစစ်ဆေးခွင့်ရှိသောအမှုများကိုစစ်ဆေးလာခဲ့ရာ တစ်နှစ်ကျော်လောက်ရှိသောအခါ မိမိ၏စိတ်ကြိုက်အမှုတွဲခြောက်တွဲရရှိသဖြင့်ရွှေဘိုခရိုင်ဝန် ဦးစောကူရှင်ပိုးက ညွှန်ကြားထားသည့်အတိုင်း အထူးရာဇဝတ်အာဏာ (special power) တိုးမြှင့်ပေးရေးအတွက် ခရိုင်ဝန်ရုံးသို့ ပေးပို့ခဲ့ပါသည်။ ခရိုင်ရာဇဝတ်တရားသူကြီး (ခရိုင်ဝန်)နှင့် စက်ရှင်တရားသူကြီးတို့က အာဏာတိုးမြှင့်ပေးရေးကို ထောက်ခံပြီး ထိုစဉ်က တရားရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ခဲ့သော်လည်း ၁၉၇၂ ခုနှစ်မှစ၍ တရားစီရင်ရေးစနစ်ကို ဖျက်သိမ်းလိုက်သောကြောင့် ယင်းကိစ္စမှာလည်း အလိုအလျောက် ရပ်ဆိုင်းသွားခဲ့ပါသည်။

(ဤပြည်သူ့ဝန်ထမ်းဘဝမှတ်တမ်းကို ဤဂျာနယ်တွင်ရေးသားလာခဲ့သည်မှာ တစ်နှစ်ခွဲကျော်လာခဲ့ပါပြီဖြစ်သော်လည်း မှတ်တမ်း၏ သုံးပုံတစ်ပုံသာ ပြီးဆုံးပါသေးသည်။ ဂျာနယ်၏ အဖိုးတန်စာမျက်နှာများကို ငဲ့ကွက်သောအားဖြင့်ဤမှတ်တမ်းကိုရပ်နားလိုက်ပါတော့မည်။ ကျန်ရှိသော အပိုင်းကိုအဆုံးထိ ဆက်၍ရေးပြီးသောအခါ စာအုပ်အဖြစ် ထုတ်ဝေမည်ဖြစ်၍ စာအုပ်တွင် ဆက်လက်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဥပဒေဆိုင်ရာ ဆောင်းပါးများကို အခါအားလျော်စွာ ဆက်လက်ရေးသားပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021