ကင်ဆာ ကုထုံးခံယူနေတဲ့ကာလအတွင်းမှာ အရေးကြီးတာက ကုသနေတဲ့ဆေးဝါးတွေကို ခံနိုင်ရည်ရှိဖို့၊ ကျန်းမာအားပြည့်နေဖို့၊ သက်သောင့်သက်သာရှိဖို့၊ တခြားရောဂါတွေ ကင်းဖို့(ကိုယ်ခံအားကောင်းဖို့)ဖြစ်ပါတယ်။ ဒါမှ ကုထုံးရဲ့ထိရောက်မှုကို အပြည့်အဝ ရရှိနိုင််မှာပါ။ ကင်ဆာကုထုံးတွေခံယူနေတဲ့အချိန် ဒါလေးတွေ စားလို့ သင့်တော်နိုင်ပါတယ်။
(၁) မုန်လာဥနီ (ကုထုံး ပိုထိရောက်စေဖို့)
ကင်ဆာလူနာတွေအတွက် အကြံပြုကြတဲ့ စားသောက်မှုပုံစံတိုင်းမှာ မုန်လာဥနီပါ ဝင်လေ့ရှိ ပါတယ်။ မုန်လာဥနီ၊ တရုတ်နံနံတို့မှာပါတဲ့ ဒြပ်ပေါင်းတချို့က ကင်ဆာကုထုံးကို အနှောင့်အယှက် ပေးနိုင်တဲ့အရာတွေ၊ လုပ်ဆောင်ချက်တွေကို တားဆီးပေးပြီး ဓာတုကုထုံးကို ထိရောက်မှုပိုရှိအောင် ထောက်ပံ့ပေးနိုင်ပါတယ်လို့ နယူးဇီလန်သုတေသနက ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ဒီဓာတ်စာကို မကြာခဏစားပေးရင် ကုထုံးကို ရလဒ်ပိုကောင်းစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
(၂) ငှက်ပျောသီး (ဝမ်းပျက်ခြင်းကို ကုသဖို့)
ဆန်၊ ငှက်ပျောသီး၊ အပူပေးထားတဲ့ပန်းသီး(ပန်းသီးအဆီအနှစ်)နဲ့ ပေါင်မုန့်မီးကင်ဆိုတဲ့ အတွဲအစပ်က ဝမ်းပျက်ဝမ်းလျှောခြင်းအတွက်ဓာတ်စာပါ။ ကင်ဆာကုထုံးကြောင့် ဝမ်းပျက်ခြင်းကို သက်သာစေနိုင်ပြီး ဝမ်းကိုခဲစေပါတယ်။ အဆီများတဲ့အစားအစာတွေ၊ အသီးအနှံတွေကဝမ်းပျက်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
(၃) ဂျုံကြမ်းနဲ့လုပ်တဲ့ စားစရာတွေ (ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့)
ဝမ်းချုပ်နေတယ်ဆိုရင်တော့ ရေများများသောက်ပါ။ ဂျုံကြမ်းပေါင်မုန့်၊ ကွေကာ၊ သစ်သီးခြောက်၊ ပဲ စတဲ့ပျော်ဝင်အမျှင်ဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ။ The National Cancer Institute (NCI) ရဲ့အကြံပြုချက်အရ ကင်ဆာကုထုံးခံယူနေတဲ့သူတွေဟာ တစ်နေ့ကို အရည်ပမာဏ ရှစ်ခွက်ကနေ ၁၂ ခွက်အထိ ရှိသင့်တယ်လို့ သိရပါတယ်။
(၄) ကြက်ဥပူတင်း (ပါးစပ်အနာဖြစ်ခဲ့ရင်)
ဆေးပြင်းလို့ ပါးစပ်မှာအနာတွေဖြစ်လာခဲ့ရင်အစာပျော့ပျော့စားဖို့လိုလာမှာပေါ့။ ပူတင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်တို့လို အာဟာရပြည့်ပြီး စားရလွယ်တာတွေကို စားလို့ရပါတယ်။ ကြက်ဥပူတင်းဆိုရင် နွားနို့၊ ကြက်ဥ၊သကြားလေးပဲပါတာဆိုတော့ အာဟာရအတွက် ပူစရာသိပ်မလိုတဲ့ သရေစာပါ။ အစာမာတာတွေနဲ့ အပူအစပ်တွေကို ရှောင်ပါ။
(၅) ကြက်သွန်ဖြူ၊ နီ (ကိုယ်ခံအားမြှင့်တင်ဖို့)
ကင်ဆာလူနာတွေရဲ့ ဓာတ်စာတွေထဲမှာ ကြက်သွန်နီနဲ့ကြက်သွန်ဖြူ အမြဲပါဝင်ပါတယ်။ မြန်မာ့ဟင်းလျာတွေမှာတော့ ကြက်သွန်ဖြူနီကို အမြဲထည့်လေ့ရှိတာမို့ အနည်းအကျဉ်းတော့ ရနိုင်ပါတယ်။ ကြက်သွန်တွေကို အစိမ်းပဲဖြစ်ဖြစ်၊ ချက်ပြုတ်ထားတာဖြစ်ဖြစ် သူတို့မှာပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ကင်ဆာကိုကူညီတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝလို့ ကိုယ်ခံအားစနစ်ရဲ့ သဘာဝအလျောက် ခုခံနိုင်စွမ်းကို နှိုးဆွကူညီပေးပါတယ်။ သုတေသနတွေအရ အနံ့ပြင်းတဲ့ကြက်သွန်နီတွေဟာ တချို့ ကင်ဆာဆဲလ်တွေကို ဆက်မပွားနိုင်အောင် ဟန့်တားပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ အကောင်းဆုံးကတော့ ကင်ဆာကာကွယ်ကုသနိုင်စွမ်းရှိတဲ့တခြားအသီးအရွက်တွေနဲ့ အတူရောပြီး ကြော်ချက်တာပါပဲ။
(၆) အသား (ကြွက်သားနဲ့ ခွန်အားဖြည့်တင်းဖို့)
ကုထုံးခံယူရင်း လျော့ပါးသွားတဲ့ခွန်အားတွေကိုပြန်လည်ဖြည့်တင်းပြီး ကြွက်သားကျန်းမာစေဖို့ အဆီကင်းတဲ့ အသားဓာတ်ကိုပိုပြီး လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။ကြက်ဥ၊ ကြက်သား၊ တို့ဖူး၊ ငါး စတဲ့ အရင်းအမြစ်တွေဆီက အသားဓာတ်ကို ရွေးချယ်ပါ။ ကင်ဆာဝေဒနာရှင်အများစုက အနီရောင်အသားတွေကို သတ္တုအရသာလိုလို ခံစားမိတတ်တာကြောင့် ကြက်သားပဲ ပိုပြီးသင့်တော်ပါတယ်။
(၇) ဆယ်လီနီယမ်ကြွယ်ဝတဲ့ အစားအစာ (ကင်ဆာတိုက်ဖျက်မှု ကူညီဖို့)
Brazil nuts ၊ ပင်လယ်စာ၊ အုတ်ဂျုံနဲ့ ဆန်လုံးညိုတို့က ကင်ဆာတိုက်ဖျက်တဲ့သတ္တုဓာတ် ဆယ်လီနီယမ်ကြွယ်ဝတဲ့ အရင်းအမြစ်တွေဖြစ်ပါတယ်။ Journal of Biological Chemistry မှာဖော်ပြခဲ့တဲ့ သုတေသနအရ ဆယ်လီနီယမ်ဒြပ်ပေါင်းတွေက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သွေးကင်ဆာနဲ့ မှဲ့ကင်ဆာတို့လို ကင်ဆာတချို့ကို ကုသရာမှာ အထောက်အကူပေးပါတယ်။ ဒါပေမဲ့ အခွံမာငါးနဲ့ ငါးအစိမ်းစားတာကိုတော့ ရှောင်သင့်ပါတယ်။အစားအသောက်ကနေရတဲ့ ရောဂါတွေက ကုထုံးကို အနှောင့်အယှက် ပေးနိုင်တယ်လို့ သိရပါတယ်။ အမြဲတမ်းကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။
အစာစားချင်စိတ် မရှိခြင်းကို သက်သာစေဖို့
အစာစားချင်စိတ်မရှိတာက ကင်ဆာကုထုံးရဲ့အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့သုံးနပ်စားဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ်အတင်း တွန်းအားပေးတာထက် တစ်နေ့လုံးစာမှာ အာဟာရပြည့်ပြီး ခွန်အားရှိနေစေမယ့်ပမာဏနည်း နည်းနဲ့ ၅ ကြိမ်၊ ၆ ကြိမ်လောက်ခွဲစားတာက ပိုကောင်းပါတယ်။ သုံးလုတ်လောက်ပဲ စားဝင်လည်း ရပ်ထားပြီး အချိန်ခြားမှ နည်းနည်းထပ်စားတာမျိုး အကြိမ်ရေခွဲပေးရင် အဆင်ပြေနိုင်ပါတယ်။
(ရေးသားသူ − Yun Sandi Nan Mon ၊ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ − Dr. Thurein Hlaing Win ) Hello ဆရာဝန် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။
















