ရိုးမား − နာပိုလီ (စနေ၊ ည ၈း၃ဝ)
နှစ်သင်းစလုံး ဥရောပပွဲတွေကြောင့် ပြည်တွင်းအမှတ်ပေးပွဲတွေမှာ ရလဒ်က ကောင်းတစ်ချက် မကောင်းတစ်ချက် ဖြစ်နေပါတယ်။ ဒီပွဲပြီးရင်လည်း ဥရောပပွဲတွေ ကစားဖို့ ရှိပါတယ်။ ဥရောပပြိုင်ပွဲတွေမှာလည်း သုံးပွဲစီ ကစားပြီးချိန်အထိ နှစ်သင်းစလုံးက နောက်တစ်ဆင့်တက်ဖို့ အပြတ်ပြောမရသေးပါဘူး။ ဒါကြောင့် ဥရောပပြိုင်ပွဲအတွက်လည်း အရေးကြီးနေတဲ့ ဒီနှစ်သင်း အခုပွဲကို ထိန်းကစားနိုင်ပါတယ်။ သရေရလဒ်လောက်သာ ထွက်ပေါ်လာနိုင်ပါတယ်။
ဘိုလော့နာ − အင်တာမီလန် (စနေ၊ ည ၁၁း၃ဝ)
ဘိုလော့နာတို့ ရှိသမျှအင်အားလေးနဲ့ အစွမ်းကုန် ညှစ်ကစားနေပါတယ်။ ဒါကြောင့်လည်း ရလဒ်တွေက အကောင်းဘက်မှာ ရှိနေတာပါ။ အင်တာကတော့ လက်ရှိစီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းဖြစ်တဲ့အပြင် ခြေစွမ်းလည်း ကောင်းပါတယ်။ ဒီပွဲပြီးရင်တော့ အင်တာတို့ ချန်ပီယံလိဂ်ပွဲအဖြစ် ဒေါ့မွန်နဲ့ အဝေးကွင်းပွဲ ကစားရပါမယ်။ ဒါကြောင့် အခုပွဲမှာ အင်တာတို့ အနိုင်ရခဲ့မယ်ဆိုရင်တောင် ဘိုလော့နာရဲ့ ကစားအားကြောင့် ဂိုးမပြတ်နိုင်ပါဘူး။
တိုရီနို − ဂျူဗင်တပ် (တနင်္ဂနွေ၊ နံနက် ၂း၁၅)
တူရင်ဒါဘီပွဲ ဖြစ်ပါတယ်။ တိုရီနိုက လက်ရှိအချိန်မှာ နိုင်ပွဲပျောက်နေပြီး အမှတ်ပေးဇယားအဆင့် (၁၂) နေရာကိုရောက်နေပါတယ်။ ဂျူဗင်တပ်က အဆင့် (၂) နေရာမှာပါ။ ဒါဘီပွဲဖြစ်တာကြောင့် တိုရီနိုဟာ ဘယ်လောက်ပဲ အခြေအနေဆိုးနေနေ ဂျူဗင်တပ်အသင်းဆိုရင် ကြံ့ကြံ့ခံ ကစားလေ့ရှိပါတယ်။ အခုလည်း အိမ်ကွင်းမှာ ဂျူဗင်တပ်ကို အကောင်းဆုံး တုန့်ပြန်ဦးမှာပါ။ ဂျူဗင်တပ် အခက်တွေ့နိုင်တဲ့ပွဲပါ။
အတ္တလန္တာ − ကက်ဂလီယာရီ (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင်ချက်နည်းနေတဲ့ အတ္တလန္တာတို့ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲဘက်ကို ပြန်ပြီးအာရုံစိုက်ရတော့မယ့်အချိန် ရောက်နေပါပြီ။ ဒါကြောင့်လည်း ယူဒီးနိစ်နဲ့ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ အခုတွေ့ရမယ့် ကက်ဂလီယာရီအသင်းကတော့ ယူဒီးနိစ်ထက်အနည်းငယ် မာကျောပါတယ်။ အတ္တလန္တာတို့ ပေါ့လို့မရပါဘူး။ ဘာပဲဖြစ်ဖြစ် အတ္တလန္တာကိုပဲ အားပေးချင်တယ်။
ဂျီနိုအာ − ယူဒီးနိစ် (တနင်္ဂနွေ၊ ည ၈း၃ဝ)
ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်တုန်းက ဘရက်စီယာကို အနိုင်ယူခဲ့တဲ့ ဂျီနိုအာတို့ သူတို့နဲ့ ထိုက်တန်တဲ့နေရာတစ်ခုကို ပြန်ရအောင် ကြိုးစားလာတယ်လို့ ယူဆစရာပါ။ ယူဒီးနိစ်ကလည်း အတ္တလန္တာကို ဂိုးပြတ်ရှုံးလို့ ကျခဲ့တဲသိက္ခာကို အခုပွဲမှာ ပြန်ဆယ်ဖို့ ကြိုးစားဖွယ်ရှိပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်သေးပါဘူး။ နေရာတစ်ခုပြန်လည်ရရှိဖို့ ကြိုးစားနေတဲ့ အိမ်ရှင် ဂျီနိုအာကိုပဲ ရွေးချယ်သင့်တဲ့ပွဲပါ။
ဗီရိုနာ − ဘရက်စီယာ (တနင်္ဂနွေ၊ ည ၈း၃ဝ)
နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့တဲ့ ဗီရိုနာတို့ ပါးမားကို အနိုင်ယူပြီး အိပ်မက်ဆိုးတွေကြားက ရုန်းထွက်နိုင်ခဲ့ပါပြီ။ ဘရက်စီယာကတော့ ဆက်ပြီး ရှုံးကောင်းတုန်းပါပဲ။ အခုပွဲမှာလည်း ဗီရိုနာကွင်းဖြစ်တဲ့အတွက် ဘရက်စီယာတို့အတွက် မျှော်လင့်ချက် နည်းနေပါတယ်။ ဗီရိုနာပါပဲ။
လက်ချီ − ဆက်စူလို (တနင်္ဂနွေ၊ ည ၈း၃ဝ)
အမှတ်ပေးဇယားမှာ အထက်အောက် ရပ်တည်နေတဲ့နှစ်သင်းပါ။ လက်ချီက အဆင့် (၁၆)မှာ ဖြစ်ပြီး ဆက်စူလိုက အဆင့် (၁၅) မှာပါ။ လက်ချီတို့ နိုင်ပွဲပြန်ရှာမတွေ့သေးပေမဲ့ ဆက်စူလိုကတော့ ဗီရိုနာနဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ လက်ချီရဲ့ကစားအားက ဆက်စူလိုထက်ပိုကောင်းပါတယ်။ လက်ချီဘက်က ရပ်တည်ချင်တယ်။
ဖီအိုရင်တီးနား − ပါးမား (တနင်္ဂနွေ၊ ည ၁၁း၃ဝ)
ဒီပွဲကလည်း အဆင့် (၈) နဲ့ (၉) မှာ အသီးသီးရပ်တည်နေတဲ့အသင်းတွေ တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်။ ဖီအိုရင်တီးနားတို့ ခြေနည်းနည်းယိုင်နေပါတယ်။ ပါးမားကလည်း မှန်းလို့မရတဲ့အသင်းပါ။ ဖီအိုရင်တီးနားက အသင်းကြီးတွေကိုသာ ခံမကစားနိုင်တာ တန်းတူအသင်းတွေကိုတော့ ကောင်းကောင်း ကစားနိုင်ပါတယ်။ အိမ်ရှင်လည်း ဖြစ်ပြန်တော့ ပါးမားကို လက်ရှောင်ထားတာ အကောင်းဆုံးပါ။
အေစီမီလန် − လာဇီယို (တနင်္လာ၊ နံနက် ၂း၁၅)
အေစီမီလန်က အစွယ်ကျိုးနေတဲ့ မြွေဆိုးတစ်ကောင်လို ဖြစ်နေပါပြီ။ သူတို့ကို ဘယ်အသင်းကမှ ဂရုမထားတော့ပါဘူး။ အသင်းလိုက်ကစာပုံပါ ပျက်နေတာကြောင့် အသင်းငယ်တွေကိုတောင် ခက်ခက်ခဲခဲ ကစားနေရပါတယ်။ လာဇီယိုက အေစီထက် အစစအရာရာ သာပါတယ်။ ဒါပေမဲ့ အခုပွဲက ယခင်ပြိုင်ဘက်ကောင်း အသင်းတစ်သင်း ဖြစ်နေတာကြေင့် အေစီတို့ ဂုဏ်သိက္ခာအတွက် ကစားလာနိုင်ပါတယ်။ ဒါကြောင့် အေစီတို့ဘက်မှာ ရလဒ်ကောင်းရှိနေပါတယ်။
SPAL − ဆမ်ဒိုးရီးယား (အင်္ဂါ၊ နံနက် ၂း၁၅)
SPAL တို့ အသင်းကြီးတွေနဲ့ ဆက်တိုက်တွေ့ဆုံခဲ့ပြီးနောက် အခု အခြေအနေတူ ဆမ်ဒိုးရီးယားနဲ့ တွေ့ဆုံနေပါတယ်။ ဆမ်ဒိုးရီးယားလည်း အသင်းကြီးတွေနဲ့ တွေ့ဆုံအခါမှာ ခံကစားတတ်တဲ့အသင်းပါ။ နှစ်သင်းစလုံးက အမှတ်ပေးဇယားအောက်ခြေက အသင်းတွေဖြစ်တာကြောင့် ရမှတ်တစ်မှတ်ကလည်း သူတို့အတွက် အရေးကြီးပါတယ်။ အိမ်ကွင်းဖြစ်နေတာကြောင် SPAL သာမယ်ထင်ရပေမဲ့ ဆမ်ဒိုးရီးယား အမှတ်ခွဲယူသွားနိုင်ပါတယ်။














