ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် အတွင်းရှိ မြန်မာ အမျိုးသား လေကြောင်း ရုံးချုပ်အဆောက်အအုံ (ယခင် ဘုံဘေဘားမားကုန်သွယ်ရေး ကော်ပိုရေးရှင်းလီမိတက်ရုံးချုပ်) ကို ၃၄ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ် အထိမ်းအမှတ်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့ ကြောင်း သိရသည်။
မြို့ပြအမွေအနှစ်အထိန်းအမှတ် အဖြစ် အပြာရောင် ကမ္ပည်းပြားတပ်ဆင်ခြင်း အခမ်းအနားကို အောက် တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"ဒီအဆောက်အအုံကြီးကို ရောက်လာမယ်ဆိုရင် နောင်မျိုးဆက်တွေ၊ ပြည်သူတွေ၊ နိုင်ငံတကာက ရောက်လာ ကြမယ့် ဧည့်သည်တွေအားလုံးဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကိုအဆောက်အအုံတွေကနေသိရှိသွားမယ် မြို့ပြကို ဘယ်လောက် ထိန်းသိမ်းစောင့်ရှောက်ထားသလဲဆိုတာ ဂုဏ်ယူဖွယ် ထုတ်ဖော်ပြသနိုင်မှာဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါအဆောက်အအုံကို ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးပြီး နောက်ပိုင်းကာလ များတွင် ပြည်သူပိုင်ပြုလုပ်ခဲ့ကာ ပြည်ထောင်စု မြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့က ၁၉၄၉ ခုနှစ်တွင် ငွေကျပ် ခုနစ်သိန်းဖြင့် ဝယ်ယူအသုံးပြုခဲ့ကြောင်းသိရသည်။ ထို့နောက် ၂၀၁၄ ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်းအဖြစ် အမည်ပြောင်းလဲအသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ အဆောက်အအုံသည် ကိုလိုနီခေတ်က မြန်မာနိုင်ငံ၏ ကျွန်းသစ်များကို အများဆုံးတင်ပို့ခဲ့သည့် ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင်းရုံးချုပ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက ဘုံဘေဘားမား ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံသမိုင်းတွင်သတင်းဆိုးဖြင့် ကျော်ကြားခဲ့ကြောင်း၊ ယနေ့အချိန်တွင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းသည် ၎င်းတို့အား အမှတ်ရစေရန်မဟုတ်ဘဲ ယနေ့အချိန် ထိ သက်ရောက်နေသေးသည့် မိမိတို့၏ ကိုလိုနီခေတ် အတိတ်သမိုင်းကို အမှတ်ရစေရန်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

















