ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲ ပြင်းထန်နေပြီး လတ်တလော အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA)အတွက် ငြိမ်းချမ်းရေး တံခါးဖွင့်ထားဆဲဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။
"ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ တောင်း ဆိုချက်ကိုတော့ ကျွန်တော်တို့ လိုက်လျောနိုင်ခြင်း မရှိဘူး။ ဟိုဘက်မှာ TNLA၊ MNDAA၊ KIA၊AA တို့နဲ့ပတ်သက်ပြီး လက်မှတ်ထိုးဖို့ကိစ္စတော့ ဆက်လက်ဆောင်ရွက်နေတယ်။ လမ်းဖွင့်ပေးထား တယ်"ဟု ၎င်းက ပြောသည်။
တပ်မတော်နှင့် TNLA၊MNDAA၊ KIA၊ AA တို့အကြား ပဏာမအပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရေးအတွက် ညှိနှိုင်းမှုများပြုလုပ်နေသည့် ကာလဖြစ်ရာ AA က ၎င်းတို့အနေ ဖြင့် NCA လက်မှတ်ရေးထိုးရန် ရခိုင်ပြည်နယ်အတွင်း အခြေချခွင့်ကို တောင်းဆိုထားသော်လည်း တပ်မတော်နှင့် အစိုးရက လက်မခံ၍ ယခုကဲ့သို့ တိုက်ပွဲများ ပြင်း ထန်နေခြင်းဖြစ်သည်။
"ရခိုင်ပြည်နယ်ကို အရင်ကလို တည်ငြိမ်အေးချမ်း ဖို့ တည်ရှိစေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလိုဆောင်ရွက်နေရခြင်း ဖြစ်တယ်"ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
အစိုးရအနေဖြင့် ဗဗ နှင့် ဆက်နွှယ်သူများကို ဖမ်းဆီးနေပြီး AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ဆွေမျိုးနီးစပ်သူများလည်း ဖမ်းဆီးခံထားရသည်။
ယင်းနောက် အောက်တိုဘာ ၂၆ ရက်က စစ်တွေမှ ဘူးသီးတောင်သို့ ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်တွင် လိုက်ပါလာသည့် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဝန်ထမ်းနှစ်ဦး၊ အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးကို ဗဗ က ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။
အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီ လနောက်ပိုင်း AA ၏ ဖမ်းဆီးခေါ်ဆောင်ခံရ သော အရပ်သား ၈၂ ဦးအထိရှိနေပြီး တစ်ဦးမျှ ပြန်လည် မလွတ်မြောက်သေးကြောင်း သိရသည်။
AA သည် ကချင်ပြည်နယ် လိုင်ဇာတွင် အခြေ စိုက်ကာ ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ကို ၂၀ဝ၉ ခုနှစ်က စတင်တည်ထောင်ခဲ့သော် လည်း ရည်ရွယ် ချက်မှာ ရခိုင်ပြည်နယ်မြောက် ပိုင်းတွင် ဌာနချုပ်ထား ရှိကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) "ဝ"အထူးဒေသတွင် "ဝ"အဖွဲ့ရရှိ နေသည့် အခွင့်အာဏာမျိုး အလိုရှိကြောင်း ထုတ်ဖော်ပြောထားသည်။
















