ကြိုးဖြင့်တုပ်ထားသောအမျိုးသမီးအလောင်းစွန့်ပစ်မှုမှတရားခံ ဖမ်းမိ

ကြိုးဖြင့်တုပ်ထားသောအမျိုးသမီးအလောင်းစွန့်ပစ်မှုမှတရားခံ ဖမ်းမိ

ပလတ်စတစ်ကြိုးများနှင့်တုပ်ထားပြီး ဒဏ်ရာများရရှိသေဆုံးနေသည့် အမျိုးသမီးအလောင်းကို ပြည်မြို့၊ပြည်သာယာရပ်ကွက်၊ နဝင်းတာရိုးဘေး အောက်ခြေတွင် စွန့်ပစ်ထားမှုနှင့် ပတ်သက်၍ တရားခံကို သက်ဆိုင်ရာက နိုဝင်ဘာ၁ရက်၌ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက် နံနက် ၆နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်မြို့ အမှတ်(၃) နယ်မြေရဲစခန်းက (ပ) ၁၀၁၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူမှာ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ တဲများတွင်နေထိုင်သည့် အသက်(၃၅)နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက သေဆုံးသူသွားလေ့ရှိသည့် နေရာများသို့ လိုက်လံစုံစမ်းခဲ့ရာ CCTV နှင့် သက်သေများ၏ ထွက်ဆိုချက်အရ အခင်းဖြစ်နေ့ သန်းခေါင်ကျော်  နံနက် (၁)နာရီခန့်တွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ် လိုက်ပါသွားကြောင်း စစ်ဆေးသိရှိခဲ့သည်။

အဆိုပါအမျိုးသားနှင့်ပတ်သက်၍ဆက်လက်စုံစမ်းခဲ့ရာ အမှုဖြင့်မသင်္ကာသူ ပြည်မြို့ရွာဘဲရပ်ကွက်နေ ဝါးကျစ်(ခ) ညိုလင်း (ခ)ရန်နိုင် (၂၆) နှစ်ကို ၎င်းညစောင့်လုပ်ကိုင်သည့် ပိုက် ဂိုထောင်မှ နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီတွင် ဖမ်းဆီးရမိခဲ့သည်။

၎င်း တဲကြမ်းခင်း ပျဉ်ချပ်များပေါ်တွင် သွေးစွန်းသွေးကွက်များတွေ့ရှိရ၍ မေးမြန်းစစ်ဆေးရာ အခင်းဖြစ်နေ့က သေဆုံးသူအမျိုးသမီးနှင့်အတူ အဆိုပါတဲသို့ ရောက်ရှိခဲ့ကြောင်း၊ ပြည့်တန်ဆာအဖြစ် ပျော်ပါးရန် အဆိုပါအမျိုးသမီးကို ၁၈၀ဝ၀ကျပ်နှင့်ခေါ်လာပြီးနောက် တစ်သောင်းကျပ်သာပေးခဲ့ရာမှ စကားများရန်ဖြစ်ကာ တုတ်ဖြင့်ရိုက်စဉ်လက်လွန်သေဆုံးခဲ့ကြောင်း၊ အလောင်းကို စောင်နှင့်ထုပ်ကာ နဝင်းဆည်အနီး ဆိုင်ကယ်ဖြင့်သွားရောက်စွန့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းကိုအမြန်ဆုံးတရားစွဲဆိုတင်ပို့နိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။