စပါးအသင်းနည်းပြ ပိုချက်တီနိုက ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)အဖြစ် အဲဗာတန်ကွင်း၌ သွားရောက်ကစားရမည် ဖြစ်ရာ မဖြစ်မနေ အနိုင်ရလိုကြောင်း ပွဲမတိုင်ခင် ပြော ကြားခဲ့သည်။
စပါးအသင်းသည် ပြီးခဲ့သည့် သီတင်းပတ် က လီဗာပူးအား နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရလဒ်များ ဆက်လက် ယိမ်းယိုင်နေသည်။ စပါးသည် လီဗာပူး ရှုံးပွဲအပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၁၁)သို့ ရောက်ရှိခဲ့ရာ ၂ဝ၁၄ ခုနှစ်က ပိုချက်တီနို တာဝန်ယူပြီးနောက်ပိုင်း အဆင့်(၁ဝ) ပြင်ပသို့ ပထမဆုံး အကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဝေးကွင်း ရလဒ်များ ဆိုးရွားနေသည့်အချိန် စပါးအသင်းမှာ အဲဗာတန်ကွင်း၌ ကစားရမည်ဖြစ်၍ ခက်ခဲလာဖွယ် ရှိနေသည်။ စပါး အသင်း၏ ပရီးမီးယားလိဂ် အဝေးကွင်း ပေးဂိုးနှုန်းမှာလည်း မြင့်မားနေသည်။
စပါးနည်းပြ ပိုချက်တီနိုက ''ကျွန်တော်တို့ အကောင်း မြင်ဖို့ လိုအပ်နေပါတယ်။ အကောင်းမြင်မှ ဘယ်အသင်းကို မဆို ကျွန်တော်တို့ အနိုင်ရနိုင်တယ်ဆိုတာ ယုံကြည်မှု ဖြစ်စေမယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဟာ ယုံ ကြည်မှုရဖို့ ရုန်းကန်နေရပါတယ်။ အမှတ်တွေလည်း အများကြီး လျော့ခဲ့တယ်။ ဒါက အချိန်တစ်ခုပဲ ဖြစ်ပါလိမ့် မယ်။ အရေးကြီးဆုံးက ရလဒ် ဘယ်လိုပြန်ကောင်းမလဲ ဆိုတာပါ။ မနှစ်က သူတို့ကွင်းမှာ ကျွန်တော်တို့ မှတ်တမ်း ကောင်း ပိုင်ဆိုင်ခဲ့တယ်။ ကျွန်တော်တို့ အနိုင်ရချင်ပါတယ် ဘယ်ရလဒ်ထွက်ထွက် ကျွန်တော်တို့အတွက် ကောင်းနေ ဖို့လိုတယ်''ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ နည်းပြ ပိုချက်တီနိုက အဓိကကွင်းလယ် လူ ဒယ်လီအယ်လီ ပုံစံကောင်း ပြန်ရလိမ့်မည်ဟု ထောက် ခံပြောဆိုခဲ့သည်။ အယ်လီသည် ယမန်နှစ်က အဲဗာတန် ကွင်းတွင် ဂိုးသွင်းနိုင်ခဲ့သည်။ စပါးသည် နောက်ဆုံးပြိုင်ပွဲ စုံ ၁၄ ပွဲတွင် လေးပွဲသာ အနိုင်ရခဲ့ပြီး ၂ဝ၁၉ ခုနှစ် ဇန် နဝါရီနောက်ပိုင်း ပရီးမီးယားလိဂ် အဝေးကွင်းနိုင်ပွဲ ပျောက် ဆုံးနေသည်မှာ လီဗာပူးပွဲအထိတိုင် ဖြစ်သည်။















